စောင့်ရှောက်ရေးဝန်ထမ်း ရေနစ်နေတယ်ထင်ပြီး ကယ်တင်ဖို့ကြိုးစားခဲ့တဲ့မျောက်ဝံ

အချို့သောဓာတ်ပုံတွေဟာ စကားလုံးမြောက်များစွာရဲ့အဓိပ္ပာယ်ကို ဖော်ဆောင်နေတတ်ပါတယ်။ ဒီချစ်ရာကောင်းလှတဲ့ဓာတ်ပုံ​လေးကလည်း အဲဒီအသက်ဝင်စကားပြောနေတဲ့ ဓာတ်ပုံတွေထဲကတစ်ပုံပါပဲ။

အာရှရဲ့အကြီးဆုံးကျွန်းဆွယ် ဘော်နီယိုရဲ့ ထိန်းသိမ်းထားတဲ့ တောအုပ်လေးထဲမှာ ရိုက်ကူးရရှိခဲ့တဲ့ ဓာတ်ပုံလေးမှာ အော်ရန်ဂူတန် မျောက်ဝံလေးတစ်ကောင်ရဲ့ လှပတဲ့အချိန်အခါလေးကို ဖော်ပြနေပါတယ်။
ဒီပုံလေးကို အပျော်တမ်းဓာတ်ပုံဆရာ အန်နေးလ်ပရာဘက်ခါတစ်ယောက် သူငယ်ချင်းတွေနဲ့ ဆာဖာရီဥယျာဉ်ကို အလည်အပတ်ခရီးထွက်စဉ် အော်ရန်ဂူတန်လေးရဲ့ လူသားအပေါ် ကြင်နာ သနားမှုကို ပြနေတဲ့ အမူအရာလေးကို အချိန်ကိုက် ရိုက်ကူးခဲ့မိတာပါ။

ပရာဘက်ခမ် ပြောကြားချက်အရ ဓာတ်ပုံထဲက လူဟာ သစ်တောစောင့်ဖြစ်ပြီး အော်ရန်ဂူတန်မျောက်ဝံတွေကို အန္တရာယ်ပြုလေ့ရှိတဲ့ ရေကန်ထဲကမြွေတွေကို ဖယ်ရှားပေးလေ့ရှိတဲ့သူပါတဲ့။ ဒါဟာ သူ့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မျိုးသုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အော်ရန်ဂူတန်မျောက်ဝံ ၆၅၀ နီးပါးကို လောလောဆယ်မှာ သူ့အဖွဲ့ဝင် ၄၀၀ လောက် နဲ့ ကြည့်ရှုစောင့်ရှောက်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သစ်တောအစောင့် ‌ရေထဲကိုဆင်းပြီး ခြုံတွေရှင်းနေတုန်း အော်ရန်ဂူတန်မျောက်ဝံတစ်ကောင်ဟာ မြစ်ကမ်းပါးနားကိုဆင်းလာပြီး သူလုပ်နေတာတွေကို စောင့်ကြည့်နေခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာသစ်တော အစောင့်နားကိုကပ်လာပြီး လက်တစ်ဖက်ကို ကြင်နာစွာကမ်းပေးခဲ့ပါတယ်။ ကြည့်ရတာတော့ လူသားသူငယ်ချင်းကို မြွေတွေအန္တရာယ်ပြုမှာ စိုးရိမ်ပြီး ချက်ချင်းပဲ ကူညီပေးဖို့ တစ်ခုခုလုပ်ခဲ့တဲ့ပုံပါ။

အစောင့်ကိုယ်တိုင်က သူ့အပြုအမူကြောင့် စိတ်လှုပ်ရှားသွားပေမယ့်လည်း ကမ်းပေးတဲ့လက်ကိုတော့ ငြင်းလိုက်ပြီး ရှောင်ထွက်သွားခဲ့ပါတယ်။

အော်ရန်ဂူတန်မျောက်ဝံတွေဟာ အင်ဒို၊ မလေး ရဲ့ မိုးသစ်တောတွေမှာ နေထိုင်ကျက်စားကြပါတယ် ။ သူတို့ဟာ လူသားမဟုတ်တဲ့ နို့တိုက်သတ္တဝါတွေထဲမှာ ဉာဏ်ရည်အမြင့်ဆုံးဖြစ်ပြီး သူတို့ရဲ့ကိုယ်အလေးချိန်ကို ခံနိုင်တဲ့အသိုက်ကို ဆောက်လုပ်နိုင်တဲ့ နည်းပညာကိုတောင် အံ့ဩစရာကောင်းလောက်အောင် သိကြပါတယ်။ အများအားဖြင့် သီးနှံတွေကိုစားသုံးပြီး အစာရှာဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတွေကိုလည်း သုံးတတ်ကြပါတယ်။

အခုဆိုရင်တော့ သူတို့ဟာ ဆိုးဆိုးရွားရွား မျိုးသုန်းခြင်းဖြစ်စဉ်နဲ့ ရင်ဆိုင်နေရပြီး အကောင်အရေအတွက်လည်း သိသိသာသာ ကျဆင်းနေပါပြီ။ စာဖတ်သူတို့လည်း ဒီနှစ်လိုဖွယ်ကောင်းတဲ့ အဖြစ်အပျက်လေးက်ိုဖတ်ပြီးရင် ချစ်ရတဲ့သူတွေနဲ့ မျှဝေပေးဖို့မမေ့ကြနဲ့နော်။

  • Leave a Comment

Categories