ဒဏ်ရာရခဲ့စဉ်က ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးအတွက် သူမရဲ့ကင်ဆာရောဂါကို တိုက်ဖျက်နေရချိန်မှာ အတူတူရှိနေပေးဖို့ ပြန်လာခဲ့တဲ့ ဌက်တစ်ကောင်

2015 ခုနှစ် နွေဦးရာသီအစောပိုင်းမှာ Dina Theissen အမည်ရှိအမျိုးသမီးတစ်ဦးက သူမရဲ့အိမ်တံခါးအပြင်ဘက်က ဝက်သစ်ချပင်ရဲ့အောက်ခြေမှာ မီးခိုးရောင်အမွေးအမျှင်လေးများပါတဲ့ ငှက်လေးတစ်ကောင်ကို ရုတ်တရက်သတိထားမိတဲ့အခါ သူမဟာ ခြေလှမ်းကျဲကျဲဖြစ် ထိုနေရာသို့ရောက်သွားခဲ့ပါတယ်။ ထို့နောက် Dina က ထိုငှက်လေးကို သူမရဲ့ အိမ်သို့ ယူဆောင်လာခဲ့ပြီးနောက်မှာ ကယ်ဆယ်ရေးအေဂျင်စီကို ဖုန်းဆက်လှမ်းတော့ မိခင်က ၎င်းငှက်လေးကို ရှာနေမှာဖြစ်တဲ့အတွက် နေရာဟောင်းမှာဘဲပြန်ထားဖို့ သူမအား အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ မိခင်ငှက်က ဘယ်တော့မှ ပြန်မလာတော့တဲ့အတွက် Dina က ထိုငှက်လေးကို ကျန်းမာလာသည်အထိ ပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

Dina က နောက်ပိုင်းမှာ ငှက်လေးကို Gracie လို့အမည်ပေးပြီး အလုံပိတ် ဟင်းလင်းပြင်မှာ အသိုက်တစ်ခုဆောက်ပေးလိုက်ပါတယ်။ Dina က Gracie ကို အိမ်ထဲသို့ ပထမဆုံးခေါ်လာတုန်းက သူမတစ်ယောက်ထဲ ငှက်ကိုထိန်းဖို့ စိတ်လှုပ်ရှားနေခဲ့တာမဟုတ်ဘဲ Alyssa အမည်ရှိသမီးလေး နှင့် ခင်ပွန်းဖြစ်သူ Ken တို့ကပါ အတူတူပြုစုစောင့်ရှောက်ဖို့ ပျော်ရွှင်နေခဲ့ကြပါတယ်။ Gracie ဟာ အမှန်က ငှက်ထီးတစ်ကောင်ဖြစ်နေမှန်း နောက်ပိုင်းမှာသိလိုက်ရပေမဲ့လည်း ၎င်းနာမည်က တွင်သွားခဲ့ပြီး မိသားစုအသစ်ရဲ့စောင့်ရှောက်မှုအောက်မှာ Gracie က နောက်ပိုင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာရုံသာမက လှပတဲ့ bluejay ငှက်တစ်ကောင်ဖြစ်လာခဲ့ပါတယ်။

Gracie က Dina တို့မိသားစုနဲ့ ကောင်းမွန်စွာ ပေါင်းသင်းနေထိုင်ခဲ့ပြီး Ken ရဲ့ပခုံးပေါ်မှာတွယ်ကပ်ခြင်းကိုနှစ်သက်သလို Alyssa အတွက် ကလေးချော့တေးသီဆိုပေးရတာကိုလည်း ကြိုက်ပါတယ်။ Dina တို့မိသားစုက ငှက်တစ်ကောင်ကို တတ်နိုင်သရွေ့ စောင့်ရှောက်ဖို့မျှော်လင့်ထားပေမဲ့လည်း Gracie က တစ်နေ့မှာ တောထဲပြန်သွားရမှာကိုသိနေခဲ့ကြတဲ့အတွက်ကြောင့် Dina က Gracie ကို အသိုက်ဆောက်နည်း နှင့် အစာရှာနည်းတို့ကိုသင်ပေးခဲ့ပြီး နှစ်ပတ်အကြာမှာ Gracie ကို တောထဲပြန်လွှတ်ပေးခဲ့ကြပါတယ်။ ကျေးဇူးတင်စွာဘဲ Gracie က Dina တို့မိသားစုကို မကြာခဏလာရောက်လည်ပတ်ဖို့ မမေ့ခဲ့သလို တစ်ခါတစ်လေ လက်ဆောင်လေးတွေလည်း ယူလာပေးတက်ပါသေးတယ်။

သို့ပေမဲ့ 2016 ခုနှစ်၌ Dina မှာ သားအိမ်ကင်ဆာစစ်ဆေးတွေ့ရှိခဲ့ပြီး ထိုအချိန်မှာ Gracie ဟာ သူမက သူ့ကို ယခင်ကထက် ပိုမိုလိုအပ်ကြောင်း သိနေခဲ့ကြောင်းကို Dina က “ ကျွန်မ အရမ်းမောပန်းနွမ်းနယ်လာပြီဆို သူ ကျွန်မနဲ့ စကားစမြည်ပြောရင်း အော်ဟစ်နေပါလိမ့်မယ်။ တစ်ခုခုမှားနေပြီဆိုတာ သူ သိနေသလိုပေါ့၊ သူ့ကို ကယ်တင်ခဲ့တဲ့ကျွန်မတို့က သူ့ရဲ့လူသားမိသားစုဆိုတာကို Gracie က သိနေတယ် ” လို့ ဆိုခဲ့ပါတယ်။ Gracie ရဲ့ကျေးဇူးကြောင့်လည်း Dina တို့မိသားစုက ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်ဖို့ ခွန်အားနှင့်မျှော်လင့်ချက်ကို ရရှိခဲ့ပါတယ်။

“ အဲဒီခက်ခဲတဲ့အချိန်တွင်းမှာ Gracie က ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးပြီး အပြုသဘောဆောင်တဲ့အရာအပေါ်အာရုံစိုက်ဖို့ ကူညီပေးခဲ့သလို Dina ကိုလည်း နှစ်သိမ့်ပေးခဲ့တယ် ” လို့ Ken ကလည်း ဆိုခဲ့ပါတယ်။ Dina ဟာ ကင်ဆာရောဂါကို နှစ်နှစ်ကြာ တိုက်ဖျက်ခဲ့ပြီးနောက်မှာတော့ ကင်ဆာအရှင်းသားပျောက်သွားခဲ့ပါတယ်။ “ Gracie နဲ့တွေ့ပြီးနောက်မှာ ကျွန်မရဲ့တစ်နေ့တာ တောက်ပလာခဲ့တယ် ။ သူက ငှက်တစ်ကောင်ပဲမဟုတ်ပါဘူး၊ သူက ကျွန်မရဲ့အုပ်ထိန်းသူ နတ်သားလိုပါပဲ ” လို့ Dina က ဆိုခဲ့ပါတယ်။ Gracie က လက်ရှိအချိန်ထိ Dina တို့မိသားစုရဲ့မျက်နှာကို ပြုံးရွှင်စေဖို့ ၎င်းတို့ထံပုံမှန်လာလည်မယ်ဆိုတဲ့ကတိကို တည်နေတုန်းပါပဲလို့လည်း Ken က ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

  • Leave a Comment

Categories