နှစ်ပေါင်း ၂၀၀ အကြာမှ မိသားစုမျိုးဆက်ရဲ့ ပထမဆုံး သမီးမိန်းကလေးအဖြစ် မွေးဖွားလာခဲ့တဲ့ ကလေးမလေး

Lawrie ဆိုတဲ့မိသားစုဟာ ၎င်းတို့မိသားစုမှာ သမီးမိန်းကလေးတစ်ယောက်မွေးဖွားလာတာကို နောက်ဆုံးမြင်တွေ့ခဲ့ရတာက လွန်ခဲ့တဲ့ ၁၈၀၉ ခုနှစ်မှာဖြစ်ပါတယ်။ ထို့ပြင် ၎င်းတို့ မိသားစုထဲမှာ နောက်ထပ် သမီးမိန်းကလေးကို မွေးဖွားဖို့ နောက်ထပ် အနှစ် ၂၀၀ ကျော်စောင့်ရလိမ့်မယ်ဆိုတာကို ၎င်းတို့မသိခဲ့ကြပါဘူး။ Little Myla Lawrie အမည်ရှိကလေးမလေးကို ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့ပြီး သူမဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နောက်ပိုင်း Lawrie မိသားစုမှာ ပထမဆုံးအကြိမ် မွေးဖွားလာခဲ့တဲ့ သမီးမိန်းကလေးတစ်ဦးဘဲဖြစ်ပါတယ်။ Little Myla Lawrie ရဲ့မိဘများဖြစ်ကြတဲ့ Mark Lawrie အမည်ရှိအမျိုးသား နှင့် Hannah အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ Mark ရဲ့မိသားစုမှာ မျိုးဆက်ငါးဆက်အထိ သမီးမိန်းကလေးများ မွေးဖွားခြင်းကို တစ်ခါမျှမတွေ့ဖူးခဲ့ကြတာကြောင့် ၎င်းက ထိုနေ့ရောက်လာမယ်လို့ ၎င်းတို့မထင်ခဲ့ကြပါဘူး။

၎င်းတို့မိသားစုမှာ နောက်ဆုံးအကြိမ်အဖြစ် သမီးမိန်းကလေးမွေးဖွားခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ ၁၈၀၉ ခုနှစ်ဘဲ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ခင်ပွန်းသည် Mark က ဇနီး Hannah ကို ၎င်းတို့လက်ထပ်ယူကြတဲ့အချိန်မှာ ကလေးလေးနဲ့ပတ်သက်ပြီး သမီးလေးထက် သားလေးက ပို၍ ဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ “ ကျွန်မ နဲ့ Mark နဲ့ ပထမဆုံးစတွေ့တုန်းက Mark က ကျွန်မကို သူတို့မိသားစု မျိုးဆက်ငါးဆက်လုံးမှာရှိတဲ့ စုံတွဲတိုင်းက သားယောက်ျားလေးဘဲ မွေးကြတဲ့ပုံကို ပြောပြခဲ့သေးတယ်။ ကျွန်မတို့ သမီးမိန်းကလေးလေး ရမဲ့ အခွင့်အလမ်းက တော်တော်ဝေးကွာတယ်လို့လည်း သူက ကျွန်မကို သတိပေးခဲ့တယ် ” လို့ Hannah က Daily Mail သို့ ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ Hannah က ဘယ်လိုဘဲ ဖြစ်နေပါစေ သမီးလေးတစ်ယောက်ရဖို့ မျှော်လင့်ချက်ရှိနေသေးတယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ Hannah က သူမတို့ရဲ့သားဦးလေးကို ကိုယ်ဝန်ရှိခဲ့ပေမဲ့လည်း ၎င်းကို ခင်ပွန်းဘက်က မိသားစုက ဘယ်သူမှမအံ့ဩခဲ့ပါဘူး။ ယခုအခါ Mason အမည်ရှိ သူမတို့သားဦးက ခုနစ်နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ Mark မှာ ယခင်အိမ်ထောင်နှင့် အသက် ၁၄ နှစ်အရွယ် Ben အမည်ရှိသားကြီး နှင့် ၁၁ နှစ်အရွယ် Zac အမည်ရှိသားငယ်နှစ်ယောက်ရှိပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ်မှာ ဇနီး Hannah က ဒုတိယအကြိမ်ကိုယ်ဝန်ရရှိခဲ့ပြီး ယခုအကြိမ်မှာတော့ Mark တို့မိသားစုမျိုးဆက်ရဲ့ နှစ်ပေါင်း ၂၀၀ ဆိုတဲ့ ဆောင်ပုဒ်စကားလုံးက နောက်ဆုံးမှာ ပျက်စီးသွားခဲ့ပါတယ်။

” ကျွန်မ ကိုယ်ဝန်အပတ် ၂၀ scan မှာ ကျွန်မတို့စုံတွဲကို သမီးမိန်းကလေးဖြစ်နိုင်တယ်လို့ ပြလာတော့ ကျွန်မ လုံးဝ မယုံကြည်နိုင်တဲ့အနေအထားမှာ ရှိနေခဲ့တယ်။ သေချာရဲ့လားလို့ အာလ်ထရာဆောင်းဆရာကိုတောင် ကျွန်မ ပြန်မေးခဲ့သေးတယ် ” လို့ Hannah က ပြန်ပြောပြခဲ့ပါတယ်။

“ အဲ့တာကြားကြားပြီးချင်း Mark က အရမ်းစိတ်လှုပ်ရှားပြီး မျက်ရည်ကျပြီး ငိုနေခဲ့တယ် ၊ ဒါ့အပြင် Mark ရဲ့အဖေက မကွယ်လွန်ခင်လေးမှာ ကျွန်မသမီးမိန်းကလေးမွေးမဲ့အကြောင်းကို သိခဲ့ရတယ် ၊ ယောက္ခထီးက သူ့မြေးမလေးကို ချစ်တယ်လို့ ပြောသွားခဲ့သေးတယ် ” လို့လည်း Hannah က ထပ်မံ ပြောပြခဲ့ပါတယ်။

အခုအခါမှာတော့ မျှော်လင့်ထားတဲ့အတိုင်း Myla လေးက မင်းသမီးတစ်ပါးလို ဂရုတစိုက် ဆက်ဆံခံနေရပြီး သူမဟာ နှစ်ပေါင်း ၂၀၀ ဆိုတဲ့ ဆောင်ပုဒ်ကို ချိုးဖျက်နိုင်ကြောင်း အံ့ဩဖွယ် သက်သေပြနိုင်ခဲ့ပါတယ်။

အခုချိန်မှာတော့ သားယောကျာ်းလေးတွေသာရှိတဲ့မိသားစုကနေ ရှားရှားပါးပါးမွေးဖွားလာခဲ့တဲ့ ကလေးမလေးမှာ ပန်းရောင် tutu များ ၊ ပန်းရောင်ပွင့်ဝတ်စုံများ ၊ လိပ်ပြာဆံပင်ညှပ်များ နှင့် သူမရဲ့အဝတ်အစားနှင့်လိုက်ဖက်တဲ့ ပန်းရောင် အထူအပါးဖိနပ်များစွာလည်း ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် Myla လေးကို အပြည့်အဝကာကွယ်ပေးဖို့ မင်းသားတွေ အစုံအလင်ရှိနေတဲ့အတွက်ကြောင့် ဘာမှစိတ်ပူစရာလည်း မလိုတော့မှာ အသေအချာပါဘဲ ။

Mia (Mckzone daily)

Reference : goodtimes

  • Leave a Comment

Categories