ကြားရင်တောင် ယုံမှာမဟုတ်တဲ့ ကမ္ဘာတစ်ဝန်းက ထူးဆန်းတဲ့ ဥပဒေများ

မင်္ဂလာပါ။ ပရိသတ်တို့အနေနဲ့ တစ်ခါမှာ မသွားဖူးတဲ့ အခြားနိုင်ငံတစ်ခုကို သွားလည်ကြမယ်ဆိုရင် အဲ့နိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို မသွားခင်ကတည်းက လေ့လာထားကြတာ ကောင်းပါတယ်။ တချို့နိုင်ငံတွေက တချို့ဥပဒေတွေက အရမ်းကို ထူးဆန်းလွန်းလှပြီး ကြားလိုက်တာနဲ့ ဘာကြီးလဲကွာလို့တောင် ထင်သွားစေပါလိမ့်မယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ကမ္ဘာတစ်ဝန်းက ထူးဆန်းလွန်းလှတဲ့ ဥပဒေတွေကို ရွေးချယ်ကောက်နုတ်တင်ဆက်ပေးသွားပါမယ်။ ဘယ်ဥပဒေက အထူးဆန်းဆုံးဖြစ်ပြီး ကျမတို့ မြန်မာနိုင်ငံမှာလည်း ချမှတ်ခွင့်ရမယ်ဆိုရင် ဘယ်လို ဥပဒေတွေအသစ်အဆန်းတွေကို ချမှတ်ချင်သလဲဆိုတာကိုလည်း ကွန်းမန့်မှာ ပြောသွားကြပါအုံး။

သေခွင့်မပေးထားတဲ့ မြို့လေး

နော်ဝေးက မြို့လေးတစ်မြို့ဖြစ်တဲ့ လောင်းရဲဗြန် ဟာ အာတိတ်သမုဒ္ဓရာက စပဲဗြတ်မှာ တည်ရှိပါတယ်။ သူကတော့ ဝင်ရိုးစွန်းမြို့လေးဖြစ်တာကြောင့် သူ့အလိုလို ထူးဆန်းနေပေမယ့်လည်း ခုပြောပြမယ့်အကြောင်းအရာက ပိုပြီးတော့တောင် ထူးဆန်းလို့နေပါတယ်။ အဲ့နေရာမှာ နေထိုင်သူ ၁၀၀၀ ကျော်လောက်သာရှိပြီး ရာသီဥတုကလည်း အရမ်းအေးလှပါတယ်။ ထူးဆန်းတာက အဲ့နေရာမှာ အသက် ၆၆ နှစ်ကျော်တဲ့သူတွေကို မြင်တွေ့နိုင်ဖို့ဆိုတာ အရမ်းကိုရှားပြီး အဲ့နေရာမှာလည်း သေခွင့်မပေးထားပါဘူး။ သင်သာ အဲ့မှာနေထိုင်တဲ့သူဆိုရင်… တကယ်လို့ အသက်ကြီးလာတာပဲဖြစ်ဖြစ် နာတာရှည်ရောဂါတစ်ခုခုဖြစ်လာတာပဲဖြစ်ဖြစ် သင့်ကို နော်ဝေးမြို့တော် အော်စလို ကို ချက်ချင်းပို့ဆောင်လိုက်ပါတယ်။ ဒါနဲ့ သင်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အော်စလိုမြို့မှာပဲ ကုန်ဆုံးရမှာဖြစ်ပါတယ်။ ကြားရတာတော့ စိတ်မသက်မသာစရာကောင်းပေမယ့် အဲ့ဒီနောက်ကွယ်မှာ အကြောင်းပြချက်ကောင်းရှိနေပါတယ်။

နောက်ပြီး လူတစ်ယောက်က ရုတ်တရက်သေဆုံးသွားခဲ့ရင် အဲ့အလောင်းကို မြို့ကနေ ချက်ချင်းဖယ်ထုတ်ရပါတယ်။ အဲ့မြို့က သချို ၤင်းက လူအလောင်းသစ်တွေကို ၁၉၅၀ ခုနှစ်ကနေ စပြီးတော့ လက်မခံတော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့မြို့မှာ အလောင်းတွေက ပုတ်သိုးဆွေးမြေ့သွားတာမျိုးမရှိတာကြောင့် သူတို့နဲ့အတူပါလာတဲ့ ရောဂါပိုးမွှားတွေလည်း မသေပဲ လောင်ထားသလိုဖြစ်နေပါတယ်။ ဒါကြောင့် ၁၉၅၀ ကနေစပြီးတော့ လောင်းရီးဗြန်မြို့မှာ သေခွင့်မပေးထားသလို သေသွားတဲ့အလောင်းတွေကိုလည်း မြုပ်ခွင့်မပေးထားပါဘူး။ ဒါပေမယ့် အဲ့မြို့မှာ ထူးဆန်းတာ အဲ့တစ်ခုတည်းမဟုတ်ပါဘူး။ အဲ့မြို့မှာ ကြောင်တွေကိုလည်း မွေးခွင့်မပေးထားပါဘူး။ နောက်ပြီး အပြင်သွားတိုင်း ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်သွားဖို့လည်း အမိန့်ထုတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ပိုလာဝက်ဝံတွေ ခဏတိုင်းလိုလို ရောက်လာတတ်လို့ပါပဲ။

စုန်းကဝေပညာကို ပိတ်ပင်ထားခြင်း

ကနေဒါနိုင်ငံမှာ စုန်းကဝေအတတ်ပညာတွေနဲ့ ပတ်သတ်ပြီး ပိတ်ပင်ထားပါတယ်။ ပိုပြီး ရှင်းသွားအောင်ပြောရမယ်ဆိုရင် စုန်းကဝေလုပ်တာနဲ့ ပတ်သတ်ပြီး ပိတ်ပင်ထားတာမျိုးမဟုတ်ပဲ လုပ်ချင်ယောင်ဆောင်တာတွေ၊ အတုအပတွေကို ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။ ကနေဒါက ဥပဒေအရ အောက်ပါအချက်တွေကို လိုက်လုပ်ရင် ဥပဒေချိုးဖောက်တာပဲဖြစ်ပါတယ်။

ဘာတွေလဲဆိုတော့ … မှော်ပြုစား ဟန်ယောင်ဆောင်ခြင်း၊ ကံ ကြမ္မာဟန်ဆောင်ပြောခြင်း၊ ပျောက်ဆုံးသွားတဲ့ အရာအဖြစ်ဖြစ် လူဖြစ်ဖြစ်ကို ယုံကြည်မှုအဖွဲ့အစည်းတွေနဲ့ လိုက်လံရှာဖွေယောင်ဆောင်ခြင်းတွေပဲဖြစ်ပါတယ်။ တကယ် စုန်းတွေဆိုရင်တော့ ဟန်ဆောင်လုပ်တာတွေမဟုတ်တဲ့အတွက် တရားဝင်လုပ်ကိုင်လို့ရပါတယ်။ ထူးတော့ ထူးဆန်းနေပါပြီနော်။

ည ၁၀ နာရီနောက်ပိုင်း အိမ်သာ တက်ခွင့်မပေးထားခြင်း

ခုပြောပြသွားမှာကတော့ ည ၁၀ နာရီနောက်ပိုင်း အိမ်သာတက်ခွင့်မရှိသလို ရေချိုးခွင့်ကိုလည်း မပေးထားပါဘူး။ ဒါကတော့ ဆွစ်ဇာလန်က အဆောက်အအုံဟောင်းတွေမှာ ချမှတ်ထားတာပဲဖြစ်ပါတယ်။ တကယ်တော့ ခု ဥပဒေက သေချာချမှတ်ထားတာဖြစ်ပြီး ချိုးဖောက်တာခဲ့ပါက ရဲဆီကို ပို့ဆောင်ခံရမှာပဲဖြစ်ပါတယ်။ ဒါဆို အဲ့ဥပဒေရဲ့ အကြောင်းပြချက်က ဘာလဲ။ ဟုတ်ပါပြီ။ အဲ့ဒါကတော့ ဆူညံသံကြောင့်ပဲဖြစ်ပါတယ်။ အိမ်သာတက်ပြီး ရေဆွဲချလိုက်ရင် အသံကျယ်ကြီးထွက်လာပြီးတော့ အိပ်နေကြပြီဖြစ်တဲ့ အိမ်နီးချင်းတွေကို နိုးသွားစေနိုင်ပါတယ်။

ဒီလိုပဲ ရေချိုးရင်လည်း ရေကျသံတွေက ဘေးအိမ်နီးချင်းက လူတွေကို နိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ည ၁၀ နာရီကနေ မနက် ၇ နာရီအတွင်းမှာ အိမ်သာတက်ခွင့်နဲ့ ရေချိုးခွင့်ကို ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာက အိမ်တော်တော်များများက ငှားနေကြတာဖြစ်တာကြောင့် အိမ်ရှင်တွေအနေနဲ့ အိမ်ငှားတွေကို ခုလို ထူးဆန်းတဲ့ ဥပဒေတွေကို ချမှတ်ထားရတာလည်းဖြစ်ပါတယ်။ စကားမစပ် ဆွစ်ဇာလန် ကုမ္ပဏီတစ်ခုကလည်း အဲ့လိုပြသနာတွေကို ဖြေရှင်းနိုင်ဖို့ အသံလုံးဝမထွက်တဲ့ အိမ်သာတွေကို ၂၀၁၈ မှာ တီထွင်ခဲ့ပါတယ်။ ဒါကြောင့် အဲ့အိမ်သာတွေကို တပ်ဆင်ထားမယ်ဆိုရင်တော့ ဘယ်ချိန်မှာမဆို အိမ်သာတက်နိုင်ပါတယ်နော်။

ပီကေဝါးခြင်း

သင်တို့အနေနဲ့ စင်ကာပူမှာ ပီကေဝါးတာကို ပိတ်ပင်ထားတယ်ဆိုတာ သိကြမှာပါ။ တကယ်တော့ အဲ့မှာက ပီကာဝါးတာတင်မကပဲ ပီကေဝယ်တာနဲ့ နိုင်ငံအတွင်း ပီကေသယ်လာတာတွေကိုလည်း ပိတ်ပင်တားမြစ်ထားပါတယ်။ ဆေးလိပ်ဖြတ်တဲ့သူတွေအတွက် ဝါးတဲ့ပီကေတွေနဲ့ သွားဘက်ဆိုင်ရာသုံး ပီကေတွေကတော့ ခြွင်းချက်ပဲဖြစ်ပါတယ်။ အဲ့လိုပီကေမျိုးတွေကိုလည်း ဆေးဆိုင်တွေမှာပဲ ဝယ်ယူရရှိနိုင်တာပဲ ဖြစ်ပါတယ်။ အခြားပီကေတွေကို ပိတ်ပင်ထားပြီးတော့ ချိုးဖောက်ခဲ့ပါက ဒဏ်ငွေအမြောက်အများကို ပေးဆောင်ရနိုင်ပါတယ်။ သင်တို့သိတဲ့အတိုင်း ထိုင်ခုံတွေ လမ်းတွေ နံရံတွေနဲ့ ဘတ်စ်ကားပေါ်တွေမှာ ပီကေကပ်နေပါက ခွာရတာ အလုပ်ရှပ်သလို ကုန်ကျစရိတ်လည်း ပိုများစေပါတယ်။

ဒါကြောင့် အဲ့လိုနေရာတွေမှာ ပိုက်ဆံကုန်ကျခံနေမယ့်အစား ပီကေကို လုံး၀ ပိတ်ပင်ထားလိုက်တာ မကောင်းဘူးလားလို့။ နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ မြေအောက်ရထားတွေကြောင့်ပဲဖြစ်ပါတယ်။ လက်ကမြင်းတဲ့သူတွေကတော့ ရထားရဲ့ အော်တိုတံခါး အာရုံခံကိရိယာနားမှာ ပီကေတွေကို ကပ်ထားလိုက်တဲ့အခါမှာတော့ တံခါးတွေက အလုပ်မလုပ်တာမျိုးတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ကောင်းကျိုးထပ် ဆိုးကျိုးပိုပေးနေတဲ့ ပီကေတွေကို အာဏာပိုင်တွေက လုံး၀ ပိတ်ပင်ထားလိုက်ကြတာပဲဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ခြင်း

အယ်ပိုင်းရွာလေးတွေက အရမ်းကို လှပပြီး ဓာတ်ပုံရိုက်ဖို့အတွက်လည်း အရမ်းကို ကောင်းလှပါတယ်။ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့ဘွတ်စ်တို့ အင်စတာဂရမ်တို့ပေါ်တင်လိုက်ရင်လည်း အရမ်းကို ကောင်းလှပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့က ဥပဒေနဲ့ မညီဘူးလို့ ပြောလိုက်ရင် သင်တို့ အံ့သြသွားကြပါလိမ့်မယ်။ ဆွစ်ဇာလန်က ဘာဂန်မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဓာတ်ပုံရိုက်တာကို ၂၀၁၇ မှာ ပိတ်ပင်ခဲ့ပါတယ်။ ချိုးဖောက်ပါက ဒဏ်ကြေး ၅ ဒေါ်လာ ပေးဆောင်ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဥပဒေက မြို့ခံလူခံတွေအနေနဲ့ မင်္ဂလာဆောင်လို့ရိုက်တာပဲဖြစ်ဖြစ်၊ သူတို့နယ်မြေဒေသမှာ ရိုက်တာပဲဖြစ်ဖြစ်၊ ကားပေါ်က ရိုက်တာပဲဖြစ်ဖြစ် ဘာမှမဖြစ်ပါဘူး။ အဲ့လိုမျိုးဆိုရင်တော့ ရိုက်ခွင့်ရှိပါတယ်။ ဒါဆို ခုလို ဓာတ်ပုံရိုက်တာကို ပိတ်ပင်ထားက ဘာအတွက်လဲ။ ထူးတော့ထူးဆန်းမနေဘူးလားပေ့ါ။ အဲ့ဒါက တကယ်တော့ ရိုးရှင်းပါတယ်။

အဲ့ဥပဒေကို ထုတ်ခဲ့တဲ့သူတွေရဲ့ ပြောကြားချက်အရတော့ အရမ်းလှတဲ့ ရှုခင်းတွေပါတဲ့ ဓာတ်ပုံတွေက လူတွေကို မပျော်မရွင်ဖြစ်စေတယ်လို့ ဆိုပါတယ်။ မပျော်မရွှင်ဖြစ်စေတယ်ဆိုတာက အဲ့ဒီနေရာကို လူကိုယ်တိုင်သွားရောက်မခံစားနိုင်ပဲ ဓာတ်ပုံကနေပဲ ကြည့်ပြီး သွားရည်ကျနေရတဲ့သူတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။ ခုပြောပြနေတဲ့ ဘာဂန်မြို့ဆိုတာကလည်း တကယ့် တကယ့်ကိုမှ လှပတဲ့ မြို့လေးပဲဖြစ်ပြီး ဒဏ္ဍရီဆန်တဲ့မြို့လေးတစ်ခုနဲ့တောင် တူလို့နေပါတယ်။ ဒါကြောင့် အဲ့လိုမြို့လေးကို ဓာတ်ပုံထဲကနေ ကြည့်တာထက်စာရင် လူကိုယ်တိုင်သွားရောက်လည်ပတ်တာ ပိုကောင်းပါတယ်။ ဒါကတော့ တော်တော်ထူးဆန်းတဲ့ တွေးခေါ်မှုလို့လည်း ဆိုရပါမယ်။ မြို့တစ်ခုလုံးမှာလည်း ဓာတ်ပုံမရိုက်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို ထောင်ထားပါတယ်။ ဒါဆို အဲ့မြို့ကိုသွားပြီး အလှဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ဆိုရင် ဘယ်လိုလုပ်မလဲမသိဘူးနော်။

မင်္ဂလာဆောင်ကို နှောက်ယှက်ခြင်း

သင်တို့တွေ ဇာတ်ကားတွေထဲမှာ ကြည့်ဖူးကြတယ်မလား။ အမျိုးသားနဲ့ အမျိုးသမီးက ဘုန်းတော်ကြီးရှေ့မှာ လက်ကိုကိုင်ပြီး ရပ်နေတဲ့အချိန်မှာ လူတစ်ယောက်က ဘုရားကျောင်းတံခါးကို တွန်းဖွင့်လိုက်ပြီးတော့ ကျနော်ကန့်ကွက်ပါတယ်ဆိုတာမျိုးတွေကို ကြည့်ဖူးကြမှာ အမှန်ပါပဲ။ ဟုတ်ပါပြီ။ အဲ့လိုမျိုးလုပ်ရပ်တွေကို တောင်သြစတြေးလျမှာ ပိတ်ပင်တားမြစ်ထားပါတယ်။ အဲ့ကလူတွေအနေနဲ့ မင်္ဂလာဆောင်တွေနဲ့ စာပနတွေကို နှောက်ယှက်ပိုင်ခွင့်မရှိပါဘူး။

အဲ့လို နှောက်ယှက်တာတွေက ပြစ်မှုကျူးလွန်တာနဲ့ တူတူပဲဖြစ်ပါတယ်။ ဒဏ်ကြေးအနေနဲ့ အများဆုံး ဒေါ်လာ တစ်သောင်းထိပေးဆောင်ရမှာပဲဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၁၅၀ လောက်ကျနေပါတယ်။ အရမ်းဆိုးရွားတဲ့ဖြစ်ရပ်မျိုးတွေဆိုရင် ထောင်ဒဏ် ၂ နှစ်ထိတောင် ကျခံနိုင်ပါတယ်။

ဓာတ်ဆီကုန်သွားလို့ လမ်းပေါ်မှာ ကားရပ်သွားခြင်း

ဂျာမန်အဝေးပြေးလမ်းမတွေပေါ်မှာ အထူးစပယ်ရှယ်ချမှတ်ထားတဲ့ စည်းကမ်းရှိနေပါတယ်။ ကားလမ်းတွေတော်တော်များများမှာလည်း နားနေဖို့နေရာတွေရှိသလို ကားတစ်ခုခုဖြစ်ခဲ့လို့ရှိရင်လည်း ရပ်ဖို့ သီးသန်းနေရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။ ခုထိတော့ ဘာမှ ထူးဆန်းတာ မရှိသေးပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ ကားမောင်းနေတုန်း ဓာတ်ဆီကုန်သွားလို့ ကားက မတော်တဆ ရပ်သွားတယ်ဆိုရင်တော့ ဒဏ်ကြေးပေးဆောင်ဖို့သာ ပြင်ထားလိုက်ပါတော့။ ဒီလို အမြန်လမ်းမတွေပေါ်မှာက ကားတွေကို အရှိန်နဲ့မောင်းနေတာကြောင့် ခုလိုရပ်လိုက်တာက အန္တရာယ်အရမ်းများလွန်းလှပါတယ်။

သင်တို့အနေနဲ့ ကားဆီကုန်သွားလို့ဆိုတဲ့ အကြောင်းပြချက်မျိုးကိုလည်း ပေးလို့ မရပါဘူး။ သင်တို့ပဲ အဲ့ကားကို မောင်းနေတာဆိုတော့ ခုလိုဓာတ်ဆီကုန်သွားတာက သင့်အပြစ်လို့ပဲ မှတ်ယူထားပါတယ်။ ဒါကြောင့် ဂျာမနီအဝေးပြေးလမ်းမှာ ကားမောင်းမယ်ဆိုရင်တော့ ဆီကို အရင်စစ်သွားဖို့ လိုပါတယ်နော်။

နှင်းတွေနဲ့ ပစ်ပေါက်ကစားခြင်း

ကျမတို့ မြန်မာနိုင်ငံမှာတော့ နှင်းတွေ ကျတာ သိပ်မရှိပေမယ့် နှင်းအရမ်းကျတဲ့နိုင်ငံတွေမှာဆိုရင် ကလေးတွေက နှင်းတွေနဲ့ ပစ်ပေါက်ကစားတာတို့ လုပ်ကြပါတယ်။ ကလေးမှမဟုတ်ပါဘူး လူလတ်ပိုင်းတွေလည်း ခုလို ကစားကြပါတယ်။ ဒါပေမယ့် ကော်လိုရာဒိုက Severance (ဆဲဗရန့်) မှာတော့ လွန်ခဲ့တဲ့ ရာစုနှစ်လောက်ကတည်းက နှင်းနဲ့ ပစ်ပေါက်ကစားခြင်းကို ပိတ်ပင်ထားပါတယ်။ ကြားလိုက်ရင်တော့ လိမ်နေသလားထင်ရပေမယ့် အဲ့ဥပဒေက တကယ်ရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီဥပဒေမှာ ကျောက်ခဲတွေ နှင်းခဲတွေနဲ့ လူတွေကိုဖြစ်ဖြစ် ကားတွေ အိမ်တွေကိုဖြစ်ဖြစ် ပစ်တာကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

၁၉၂၀ ခုနှစ်လောက်ကတည်းစပြီး ပိတ်ပင်တားမြစ်ထားတာဖြစ်ပြီး အဲ့ဒီမြို့ရဲ့ သက်တမ်းနီးပါးတောင် ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် အဲ့ဒီဥပဒေကို ဘယ်သူကမှလည်း ပြောင်းဖို့ မလုပ်ခဲ့ကြပါဘူး။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၉ နှစ်အရွယ်ကလေးတစ်ယောက်က အဲ့ဥပဒေပိတ်ပင်မှုနဲ့ ပတ်သတ်ပြီး အသုံးမဝင်ကြောင်း ကလေးတွေအနေနဲ့ ခုလို နှင်းတွေနဲ့ ပစ်ပေါက်ကစားရတာကို ကြိုက်နှစ်သတ်ကြောင်းကို မြို့တော်ခန်းမတစ်ခုမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲ့ချိန်မှာတော့ ရာစုနှစ်တစ်ခုနီးပါးကြာခဲ့တဲ့ အဲ့ဥပဒေကို မြို့တော်ဝန်က ပယ်ဖျက်ပေးခဲ့ပါတယ်။

Credit-Shwenyanshin

  • Leave a Comment

Categories