တိရိစ္ဆာန်ချစ်သူတော်တော်များများက ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကို အိမ်ထဲ၌သာထားပြီးကျွေးမွေးထားရုံတင်မဟုတ်ဘဲ ၎င်းတို့မိသားစုရဲ့အစိတ်အပိုင်းတစ်ခုလို သဘောထားတတ်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ Cebu မြို့ရှိ အသက်ကြီးတဲ့မြေပဲရောင်းသူအဘိုးတစ်ယောက်ဟာ သူ့ရဲ့အိမ်မွေးခွေးလေးကိုကြိုးနဲ့ပတ်ပြီး သူ့စက်ဘီးစုတ်လေးပေါ်မှာချည်ထားတဲ့ယာယီခြင်းတောင်းထဲသို့ထည့်ကာ သူဈေးရောင်းတဲ့နေရာအနှံ့ဆီသို့ သူနှင့်အတူခေါ်ဆောင်သွားနေခဲ့တဲ့ဓာတ်ပုံများဟာ လူကြိုက်များလာခဲ့ပါတယ်။
ဓာတ်ပုံကြည့်ပုံအရ ခွေးလေးဟာ ထိုယာယီခြင်းတောင်းထဲမှာ နေရတာသူ့အတွက်အခက်အခဲဖြစ်နေနိုင်သလို ပျက်နေတဲ့စက်ဘီးကိုတွန်းသွားရတဲ့အဆိုပါအဘိုးအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ရဲ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေပုံရပါတယ်။
ထိုဓာတ်ပုံများကို Franklin Ramos Mariscal အမည်ရှိ Netizen တစ်ဦးကမျှဝေထားခဲ့တာဖြစ်ပြီး သူ့အိမ်အပြန်လမ်းဖြစ်တဲ့ South Bus Terminal လမ်းတစ်လျှောက်တစ်ယောက်တည်းလမ်းလျှောက်နေစဉ်စတွေခဲ့တုန်းက ထိုအဘိုးဟာ သူ့ခွေးလေးနဲ့လမ်းလျှောက်နေတယ်လို့ထင်ခဲ့ပေမဲ့ သူလမ်းဖြတ်ကူးပြီးတဲ့နောက်မှာ အဘိုးကဈေးရောင်းနေတာကိုမြင်တွေ့လိုက်ရကြောင်း Franklin က ရေးသားထားခဲ့ပါတယ်။
ထို့နောက် Franklin ဟာ ဈေးရောင်းနေတဲ့အဘိုးနဲ့သွားတွေ့ဆုံပြီး အဘိုးရဲ့အိမ်မွေးခွေးလေးက Golden Retriever အမျိုးအစားဖြစ်ကြောင်း နှင့် ကျိုးပဲ့နေတဲ့စက်ဘီးနှင့် လေးလံတဲ့ခွေးလေးကိုတွန်းရတာက သူ့ရဲ့ကျောကိုနာကျင်စေတယ်လို့ အဘိုးထံမှကြားသိခဲ့ရပါတယ်။
ထို့ကြောင့် Franklin ဟာ အဘိုးကိုကြင်နာသနားသွားခဲ့ပြီးနောက် အင်တာနက်ပေါ်သို့ မြေပဲထုပ်များကိုစက်ဘီးရဲ့အရှေ့ဖက်မှချိတ်ဆွဲပြီး သူ့ရဲ့အိမ်မွေးခွေးလေးကိုလည်း ထိုပျက်စီးနေတဲ့စက်ဘီးပေါ်အတူတူသယ်ဆောင်ရင်း ဈေးရောင်းနေတဲ့အဘိုးရဲ့ ဓာတ်ပုံများနှင့် အဘိုးရဲ့အဖြစ်အပျက်များကိုပါ ဝေမျှရန်ဆုံးဖြတ်ခဲ့ပါတယ်။
၎င်း post ဟာ လျင်မြန်စွာပြန့်နှံ့သွားခဲ့ပြီး အင်တာနက်ပေါ်ရှိ လူများစွာရဲ့အကူအညီများကိုရရှိခဲ့တာကြောင့် Franklin က အဘိုးအတွက် အလှူငွေများလက်ခံပေးရန်ဆုံးဖြတ်လိုက်ပါတယ်။
အချို့က အဘိုးအတွက် ကုန်ခြောက်များပို့ပေးခဲ့ကြသလို အချို့သော Netizen များက အဘိုးအား ဘေးတွဲပါတဲ့စက်ဘီးကိုဝယ်ပေးဖို့အချင်းချင်းအကြံပြုခဲ့ကြပြီး ထို့မှ ခွေးလေးလည်း သက်တောင့်သက်သာနေနိုင်သလို အဘိုးအတွက်လည်း ပိုသက်သာလိမ့်မယ်လို့ရေးသားခဲ့ကြပါတယ်။
Mia (Mckzone daily)