လူတွေဈေးကြီးပေးပြီး ဝယ်ယူခဲ့ကြတဲ့ ထူးဆန်းတဲ့အရာ (၁၅) ခု

အခုတစ်ခေါက် ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ လူတွေ ဈေးကြီးပေးပြီး ဝယ်ယူခဲ့ကြတဲ့ထူးဆန်းတဲ့ အရာတွေပဲဖြစ်ပါတယ်။ ငွေကြေးချမ်းသာတဲ့ လူတွေက ကမ္ဘာကျော်ပန်းချီကားတွေ၊ စူပါမော်တော်ကားတွေကို ဝယ်ယူစုဆောင်းလေ့ရှိကြပေမယ့် ဘယ်သူကမှ အမှိုက်တွေ၊ ရေတွေကို ဒေါ်လာသန်းနဲ့ချီပေးပြီး ဝယ်ယူကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကမ္ဘာပေါ်က ငွေကြေးချမ်းသာတဲ့ လူတွေကတော့ ဘာမှမဟုတ်တဲ့ ကိစ္စရပ်တွေအပေါ်မှာ အင်မတန်ဈေးကြီးကာ ဝယ်ယူခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ကဲ….ဘယ်အရာတွေကို ဘယ်လိုလူတွေက အင်မတန်ဈေးကြီးပေးပြီး ဝယ်ခဲ့သလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁- မရှင်းရသေးတဲ့ကုတင် (ဒေါ်လာ ၄ သန်း)

ဒီ အနုပညာပြကွက်ကတော့ အမြဲတမ်းအခန်းမရှင်းတဲ့ သင့်သူငယ်ချင်းတွေကိုတောင် သတိရသွားမှာပါ။ မိမိအခန်းထဲမှာရှိနေတဲ့ အမှိုက်တွေနဲ့ သုံးလို့မရတော့တဲ့ တိုလီမုတ်စတွေကို မရှင်းအားတော့လို့ ဝယ်သူရှိရင် ချက်ချင်းရောင်းထုတ်ချင်လိုက်တာလို့ တွေးမိသူတွေ ရှိကြမှာပါ။ ပုံမှန်အားဖြင့်တော့ မိမိ အခန်းထဲမှာ အင်မတန်ရှုပ်နေတဲ့ အမှိုက်တွေကို မိမိဘာသာ ရှင်းထုတ်ရမှာဖြစ်ပြီး ဘယ်သူကမှလည်း တကူးတက လာဝယ် နေမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒီလို လူတစ်ယောက်ရဲ့ ရှုပ်ပွနေတဲ့ အခန်းထဲက အမှိုက်တွေကို ဒေါ်လာ သန်းနဲ့ချီပေးပြီး ဝယ်ယူသွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ထရေစီ အီမင် ဆိုတဲ့ ဗြိတိန်အနုပညာရှင်တစ်ယောက်က သူမရဲ့အချစ်ရေးအဆင်မပြေမှုတွေကြောင့် အခန်းထဲက အပြင်မထွက်ဘဲ အိပ်ရာထဲမှာ ရက်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပါတယ်။

အသည်းကွဲနေတဲ့ အဲဒီအနုပညာရှင်က အခန်းကို မရှင်းအားတော့ဘဲ အခန်းကလည်း အမှိုက်တွေနဲ့ ပြည့်နှက်ကာ ရှုပ်ပွနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရှုပ်ထွေးလွန်းပြီး အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ ကုတင်တစ်ခုလုံးကို “ကျွန်မရဲ့ ကုတင်”လို့ နာမည်တပ်ကာ အင်စတော်လေးရှင်းပြကွက်တစ်ခုအဖြစ် လေလံတင်ရောင်းချခဲ့ပါတယ်။

အဲဒီ အမှိုက်တွေနဲ့တန်ဆာဆင်ထားတဲ့ ကုတင်ကို စီးပွားရေးသမားတစ်ယောက်က သဘောကျပြီး ဒေါ်လာ ၁ သိန်းခွဲနဲ့ ဝယ်ယူသွားခဲ့ပါတယ်။ အဲဒီစီးပွားရေးသမားကပဲ သူဝယ်ထားတဲ့ အဲဒီ အမှိုက်ကုတင်ကြီးကို ထပ်မံရောင်းချခဲ့ရာမှာ ဒေါ်လာ ၄ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

၂- ရေ (၄၅၅ ဒေါ်လာ)

ရေတစ်ခွက်ကို မြန်မာငွေ ၆ သိန်းဝင်ကျင်နဲ့ ရောင်းချနိုင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု အမှန်တကယ်ရှိခဲ့ပါတယ်။ အဲဒီရေက တခြားဂြိုဟ်က ရောက်ရှိလာတဲ့ ရေတစ်ခွက်လည်းမဟုတ်သလို ထူးခြားဆန်းသစ်ထားတဲ့ ရေတစ်ခွက်လည်း မဟုတ်ပါဘူး။ အဲဒီရေတစ်ခွက်က ရိုးရိုးသာမန်ရေတွေထည့်ထားတဲ့ သောက်ရေတစ်ခွက်သာဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ Rock n Rolll ဂီတရဲ့ ဘုရင်တစ်ပါးလို့ လူတွေက သတ်မှတ်ထားကြတဲ့ အဲဗစ် ပရက်စ် ပလေ ရဲ့ လက်ထောက်လူတစ်ယောက်က အဲ့ဒီ သောက်ရေခွက်ကို ရောင်းချခဲ့တာပါ။

အဲဒီခွက်က ပရက်စ်ပလေတစ်ယောက် မြောက်ကာရိုးလိုင်းနား ပြည်နယ်မှာ တေးဂီတဖျော်ဖြေပွဲလုပ်ရင်း သူ ချထားခဲ့တဲ့ သောက်လက်စ သာမန်ရေခွက်တစ်ခွက်သာဖြစ်ပါတယ်။ ပရက်စ်ပလေ သောက်လက်စခွက်ကို သိမ်းဆည်းထားကာ လေလံတင်ရောင်းခဲ့ရာမှာ မြန်မာငွေ ၆ သိန်းဝန်းကျင်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်သူကမှ သောက်ရေတစ်ခွက်ကို မြန်မာငွေ ၆ သိန်း နဲ့ ဝယ်ယူသွားမယ်လို့ ထင်ထားမှာလဲနော်။

၃- ဆံပင် ( ဒေါ်လာ ၁ သန်း )

၂၀၀၇ ခုနှစ်မှာ နာမည်ကျော်အဆိုတော် ဘရစ်တနီ စပီးယား (Britney Spears) က ရုတ်တရက်ပဲ သူမရဲ့ ဆံပင်တွေ အားလုံးကို အပြတ်ရှင်းပြီး ကတုံးတုံးခဲ့ပါတယ်။အဲဒီ အချိန်တုန်းက ဘရစ်တနီ စပီးယားရဲ့ အလွန်အောင်မြင်နေတဲ့ အချိန်ဖြစ်တာကြောင့် ပရိသတ်တွေက ဘရစ်တနီ စပီးယားတစ်ယောက် ဒီလိုကတုံးဖက်ရှင်နဲ့ ထွက်လာတာကို အလွန်အံ့အားသင့်ခဲ့ကြခဲ့ပါတယ်။

သူမ ကတုံးသွားတုံးခဲ့တဲ့ အလှပြင်ဆိုင်ပိုင်ရှင်က ဘရစ်တနီ စပီးယားရဲ့ ဆံပင်တွေ အားလုံးကို သိမ်းထားခဲ့ပြီး ဒေါ်လာ ၁ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီလေလံပွဲမှာ ဆံပင်ညှပ်ဆိုင်လာတုန်းက ဘရစ်တနီ စပီးယားကျန်ခဲ့တဲ့ အအေးဘူးတစ်ဘူး၊ မီးခြစ် ၁ လုံးနဲ့ ခေါင်းစည်းကြိုးတစ်ခုပါ ပါဝင်ခဲ့ပါတယ်။

၄- ဂေါက်သီး (ဒေါ်လာ ၁,၄၀၀)

ပြိုင်ပွဲတွေမှာ နာမည်ကြီးဂေါ့ဖ်ချန်ပီယံတွေ ရိုက်လိုက်တဲ့ ဂေါက်သီးတွေကို ဈေးကြီးပေးကာ ဝယ်ယူစုဆောင်းကြသူတွေ ရှိပေမယ့်အခုဂေါက်သီးကတော့ အဲဒီလို သမိုင်းနောက်ခံရှိတဲ့ ဂေါက်သီးတော့မဟုတ်ပါဘူး။ တကယ်တော့ ဒီဂေါက်သီးတွေက စပါးအုံးမြွေတစ်ကောင် မြိုချထားခဲ့တဲ့ ဂေါက်သီးတွေပဲဖြစ်ပါတယ်။

စပါးအုံးမြွေ ဆက်အသက်ဆက်ဖို့အတွက် အစာအိမ်ထဲရောက်နေတဲ့ ဂေါက်သီးတွေကို ခွဲစိတ်ခဲ့ရပြီးနောက်မှာတော့ ဂေါက်သီးတွေကို ပြန်လည်ရောင်းချခဲ့ရာမှာ အခုလို ဒေါ်လာ ၁,၄၀၀ ရရှိခဲ့တာပဲဖြစ်ပါတယ်။

၅- အသားညှပ်ပေါင်မုန့် (ဒေါ်လာ ၂၈,၀၀၀)

ဒီ အသားညှပ်ပေါင်မုန့်တစ်ခုရဲ့ တန်ဖိုးကလည်းတကယ့်ကို မျက်ခုံးလှုပ်သွားစရာပါ။ ဒီအသားညှပ်ပေါင်မုန့်က ရိုးရိုးအသားညှပ်ပေါင်မုန့်တစ်ခုသာဖြစ်ပြီး ဒေါ်လာ ၂၈,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၂၈၀၀၀ ဆိုတာ မြန်မာငွေနဲ့ဆိုရင် သိန်း ၃၅၀ ကျော်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဒိုင်ယာနာ ဒီဆာ့ ( Diana Duyser) ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က သူမ တစ်ကိုက်ကိုက်ထားခဲ့တဲ့ ၁၀ နှစ်အကြာက အသားညှပ်ပေါင်မုန့်တစ်ခုကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ သူမ ပြန်လည်တွေ့ရှိခဲ့ချိန်မှာတော့အဲဒီပေါင်မုန့်ချပ်က မှိုတွေတက်နေခဲ့ပါပြီ။

ထူးဆန်းတာတစ်ခုကတော့ အဲဒီပေါင်မုန့်ပေါ်က မှိုတွေက မယ်တော်မာရီ ရဲ့ ပုံစံအတိုင်းဖြစ်နေခဲ့တာပါ။ အဲဒီ မယ်တော်မာရီရဲ့ မျက်နှာပေါ်နေတဲ့ မှိုတက်ပေါင်မုန့်ကို ရောင်းချခဲ့ပြီး အမည်မဖော်လိုတဲ့ တစ်ယောက်က ဒေါ်လာ၂၈,၀၀၀ ပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။

၆- တစ်သျှူးစ (ဒေါ်လာ ၅,၃၀၀)

နာမည်ကျော် ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ သည်တူနိုက်ရှိုးမှာ စကားလက်ဂျိုဟန်ဆန် အသုံးပြုခဲ့တဲ့ တစ်သျှူတးစကို လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၅,၃၀၀ အထိ ပေါက်ဈေးပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။

တကယ်တော့ အဲဒီတစ်သျှူးက သန့်စင်တဲ့ တစ်သျှူးအသစ်တစ်ခုမဟုတ်ဘဲ စကားလက်ဂျိုဟန်ဆန်ရဲ့ ချွဲ၊ သလိပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

၇- ပျော်ရွှင်စရာအချိန်များ (ဒေါ်လာ ၃,၀၀၀)

မိမိရဲ့ ဘော်ဒါတွေ သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာ အမြဲတမ်းလိုလို အခွီတွေလုပ်ပြီး ပျော်ရွှင်စရာတွေကို ဖန်တီးတတ်တဲ့သူရှိရင် တန်ဖိုးထားပြီးဆက်ဆံသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ပျော်စရာတွေဖြစ်အောင် လုပ်တတ်တဲ့ အခွီဇယားတွေက အင်မတန်ရှားပါးပြီး တွေ့ဖို့ အခွင့်အရေးနည်းလွန်းလို့ပဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံက လူရွှင် ကျောင်းသား ၄ ယောက်ကတော့ အမြဲတမ်းပျော်နေတတ်ခြင်းတွေက သူတို့အတွက် စီးပွားရေးကိစ္စတစ်ခုလိုဖြစ်လာခဲ့ပါတယ်။

သူတို့က eBay မှာ သူတို့ ၄ ယောက်နဲ့ အတူတူပျော်ရွှင်ရမယ့်အချိန်တွေကို လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီလေလံအရတော့ သူတို့ ၄ ယောက်ကို ငှားရမ်းတဲ့သူတွေကို ပျော်စရာတွေဖြစ်အောင် စကားပြောဆို ဖန်တီးပေးမှာဖြစ်ပြီး ပါတီငယ်တစ်ခုပါ ပါဝင်မှာပဲဖြစ်ပါတယ်။ အဲဒီအစီအစဉ်က ဒေါ်လာ ၃ ထောင်နဲ့ လေလံအောင်မြင်သွားခဲ့ပါတယ်။ ဒါကြောင့် သင့် ဘော်ဒါတွေထဲက ငခွီတွေကို အရင်ကထက်ပို တန်ဖိုးထားသင့်တယ်ဆိုတာ ဒီလေလံလေးက ပြောပြနေမှာပါ။

၈- မမြင်ရတဲ့ ပန်းချီကား (ဒေါ်လာ ၁၀,၀၀၀)

ကမ္ဘာကျော်ပန်းချီဆရာ အကျော်အမော်တွေရဲ့ လက်ရာ ပန်းချီကားတွေကို ဒေါ်လာသန်းနဲ့ချီပေးကာ ဝယ်ယူသွားမှုတွေကို ကြားမိကြမှာပါ။ ဒီလိုပန်းချီကား အရောင်းအဝယ်ကိစ္စတွေထဲမှာ အခုဖြစ်သွားခဲ့တဲ့အရောင်းအဝယ်က အထူးအဆန်းဆုံး ပန်းချီကားအရောင်းအဝယ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပန်းချီကားက လုံးဝမမြင်နိုင်တဲ့ ပန်းချီကားတစ်ကားဖြစ်ပြီး အပြင်မှာလည်း တကယ်မရှိတဲ့ ပန်းချီကားတစ်ချပ်သာဖြစ်ပါတယ်။

အဲဒီပန်းချီကားရဲ့ နာမည်က ပန်းချီဆရာရဲ့ စိတ်ကူးနဲ့ ရေးဆွဲထားတဲ့ စိတ်ကူးပန်းချီကားတစ်ခုသာဖြစ်ပြီး “လေကောင်းလေသန့်”လို့ နာမည်ပေးထားပါတယ်။ ဒီလိုမျိုး တကယ့်ပန်းချီကားမဟုတ်ဘဲနဲ့ ပန်းချီဆရာတွေရဲ့ စိတ်ကူးအာရုံထဲမှာ ရှိနေတဲ့ ပန်းချီကားတွေ၊ စိတ်ကူးတွေကို ရောင်းချနေတဲ့ The Museum of Non-Visible Art ဆိုတဲ့ အဖွဲ့အစည်းတစ်ခုလည်း အပြင်မှာ တကယ်ရှိပါတယ်။

၉- Domain နာမည် (ဒေါ်လာ ၁၆ သန်း)

တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ လူတိုင်းနဲ့ မကင်းနိုင်တာကတော့ အင်တာနက် Website တွေပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ မရေမတွက်နိုင်တဲ့ အဲဒီ website နာမည်တွေ ရှိနေပြီး တစ်မူးထူးခြားတဲ့ နာမည်ကို ရရှိဖို့ဆိုတာ လွယ်တော့ မလွယ်ကူလှပါဘူး။ ဒါကြောင့်တချို့မသမာသူတွေက Website တွေရဲ့ ဒိုမိန်းနာမည်တွေကို အရင်ဆုံးရအောင် ဖွင့်လှစ်ထားပြီး တကယ်လိုအပ်နေတဲ့သူတွေကို လေလံတင်ရောင်းချမှုတွေလည်း တကယ်ရှိခဲ့ပါတယ်။

အဲဒီလို ဈေးကြီးပေးပြီး ဝယ်ရတဲ့ ဒိုမိန်းနာမည်တွေထဲမှာ အခုနာမည်တွေကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ QuinStreet ဆိုတဲ့ ကုမ္ပဏီကနေ သူတို့ကုမ္ပဏီရဲ့ လုပ်ငန်းတစ်ခုအတွက် Insure.com ဆိုတဲ့ ဒိုမိန်းနာမည်တစ်ခု ရချင်တာကြောင့် ဒေါ်လာ ၁၆ သန်းအထိပေးကာ ဝယ်ယူခဲ့ရပါတယ်။ အဲဒီဒိုမိန်းနာမည်ဝယ်ယူမှုက ထိုစဉ်အချိန်က ကမ္ဘာ့ဈေးအကြီးဆုံးဒိုမိန်းနာမည်တစ်ခုဖြစ်ခဲ့ပြီး ဂန်းနစ်မှတ်တမ်းထဲမှာ စာရင်းဝင်ခဲ့ပါတော့တယ်။

၁၀ – စားကြွင်းစားကျန် (ဒေါ်လာ ၁,၀၂၅)

တစ်စုံတစ်ယောက်ရဲ့ စားကြွင်းစားကျန်တွေကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ယူသွားခဲ့တယ်ဆိုရင် ဒါဟာ ရူးမိုက်တဲ့ အပြုအမူတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီလိုမျိုး စားကြွင်းစားကျန်တွေကို ဒေါ်လာတစ်ထောင်ကျော်ပေးပြီး ဝယ်ယူသွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု အပြင်မှာ တကယ်ရှိခဲ့ပါတယ်။

နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဂျက်စတင် တင်းဘားလိတ်ခ် အင်တာဗျုးတစ်ခုလုပ်စဉ်မှာ မနက်စာအဖြစ် စားခဲ့တဲ့ ပေါင်မုန့်ကြက်ဥကြော်တစ်ခုကို လေလံတင်ရောင်းချခဲ့ရာမှာ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ပရိသတ်တစ်ယောက်က ဒေါ်လာ ၁,၀၂၅ နဲ့ ဝယ်ယူသွားခဲ့ပါတယ်။ ရောင်းချခဲ့သူတွေတော့ ရရှိလာတဲ့ ငွေတွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းလိုက်ပါတယ်။

၁၁ – လေ (ဒေါ်လာ ၅၃၀)

နာမည်ကျော်မင်းသား၊ မင်းသမီးတွေရဲ့ နှာခေါင်းဝ က ထွက်ကျလာတဲ့ လေတွေကို ဘူးတစ်ခုထဲမှာ ထည့်ထားပြီး လေလံတင်ရောင်းချခဲ့တဲ့ အဖြစ်အပျက်တစ်ခုက အပြင်မှာ တကယ်ရှိခဲ့ပါတယ်။ အဲဒီမင်းသား၊ မင်းသမီးကတော့ ဘရက်ပစ်နဲ့ အင်ဂျလီနာ ဂျိုလီဖြစ်ပြီး သတင်းထောက်တစ်ယောက်က ရုပ်ရှင်ဖွင့်ပွဲတစ်ခုရဲ့ Red Carpet မှာ သူတို့နှစ်ယောက်ဆီကို ဘူးတစ်ခုကို ကမ်းလိုက်ကာ အသက်ရှူထုတ်လိုက်ဖို့တောင်းဆိုခဲ့ပါတယ်။

ဘရက်ပစ်နဲ့ ဂျိုလီတို့ကလည်း ရက်ရက်ရောရော သူတို့ အသက်ရှူတဲ့ လေတွေကို ဘူးထဲကို ထည့်သွင်းပေးလိုက်ပါတော့တယ်။ အဲဒီအသက်ရှူထုတ်ထားတဲ့ လေဘူးကို လေလံတင်ရောင်းချခဲ့ပြီး ဒေါ်လာ ၅၃၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ဒီတစ်ခုကလည်း အပေါ်ကပြောခဲ့တဲ့ မမြင်ရတဲ့ ပန်းချီကား တစ်ချက်လို့ပဲ ဘယ်လိုမှ မမြင်ရတဲ့အရာတွေကို လူတွေက တန်းဖိုအမြောက်အများပေးပြီး ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၁၂- နဖူးပေါ်က ကြော်ငြာ (ဒေါ်လာ ၁၀,၀၀၀)

အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းက Utah ဒေသက Kari Smith ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ထူးဆန်းပြီး သဘာဝမကျတဲ့ ကမ်းလှမ်းမှုတစ်ခုကို လုပ်ငန်းရှင်တွေဆီ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ နဖူးပေါ်မှာ ကုမ္ပဏီတွေရဲ့ နာမည်ကို ကြော်ငြာအဖြစ် ဆေးမင်ကြော်ထိုးပေးမှာဖြစ်ပြီး တန်ဖိုးကြီးကြီးယူမှာပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ အဆိုပါ အမျိုးသမီးကမ်းလှမ်းချက်ကို ကမ္ဘာကျော်အွန်လိုင်းလောင်းကစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂိုးဒန်း ပဲလေ့စ် က ဒေါ်လာ ၁ သောင်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အခုတော့ Kari Smith ဆိုတဲ့ အမျိုးသမီးရဲ့ နဖူးပေါ်မှ ာအဆိုပါ သေရာပါဆေးမင်ကြောင်တစ်ခု ရှိနေခဲ့ပါပြီ။

၁၃- နယူးယောက်မြို့က အမှိုက်တစ်စ (ဒေါ်လာ ၁၀၀)

အမှိုက်တွေကို ရှင်းလင်းဖို့အတွက် Recycle လုပ်ပြီး ပြန်လည်အသုံးချတဲ့နည်းလမ်းက လူတိုင်းသိတဲ့ နည်းလမ်းဖြစ်ပေမယ့် အခုနည်းလမ်းကတော့ တစ်မျိုးထူးခြားနေပါတယ်။ ပန်းချီဆရာ Justin Gignac က နယူးယောက်မြို့ နေရာအနှံ့မှာရှိတဲ့ အမှိုက်တွေကို လိုက်ကောက်ပြီး သန့်ရှင်းရေးပြုလုပ်ကာ အိတ်လေးတွေထဲထည့်ပြီး ရောင်းချခဲ့ပါတယ်။

ကိုကာကိုလာပုလင်းခွံတွေ၊ စီဒီဓာတ်ပြားတွေနဲ့ အခြားအရောင်စုံအမှိုက်တွေကို အနုပညာပစ္စည်းတစ်ခုလို ထုပ်ပိုးရောင်းချခဲ့တာကြောင့် ဝယ်ယူသူတွေ အင်မတန်များပြားခဲ့ပါတယ်။ အဲဒီလို လှပတဲ့ အမှိုက်ထုတ်ငယ်လေးတွေကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိ အထုတ်တွေ အလိုက်ဈေးတင်ကာ ရောင်းချနိုင်ခဲ့ပါတယ်။

၁၄- လီယိုနာဒိုနဲ့ အတူသွားရမည့် အာကာသခရီးစဉ် (ဒေါ်လာ ၁.၅ သန်း)

တစ်ခါတစ်ရံမှာတော့ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေလည်း ထူးဆန်းတဲ့အရာတွေကို ရောင်းချလေ့ရှိပါတယ်။ အဲဒီ ဆယ်လီတွေထဲမှာတော့ မင်းသား လီယိုနာဒို ဒီကာပရီယိုကတော့ ဗာဂျင် ကုမ္ပဏီက စီစဉ်ထားတဲ့ အာကာသခရီးစဉ်တစ်ခုကို သူနဲ့ အတူလိုက်ပါနိုင်မယ့် အစီအစဉ်တစ်ခုကို လေလံတင် ရောင်းချခဲ့ပါတယ်။ အဲဒီလေလံကို ရုရှားနိုင်ငံက Vasily Klyukin ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ဒေါ်လာ ၁.၅ သန်းနဲ့ ရရှိအောင်မြင်ခဲ့ပါတယ်။

ရရှိလာတဲ့ ငွေကြေးအားလုံးကို လီယိုနာဒိုက တစ်ပြားမကျန် လိုအပ်တဲ့နေရာတွေဆီကို အကုန်လှူဒန်းခဲ့ပါတယ်။ ဒီလို ငွေကြေးများစွာ ရရှိခဲ့ပေမယ့်လည်း အဲဒီအာကာသခရီးစဉ်က အခုအချိန်အထိ မထွက်ရှိရသေးသလို ဘယ်တော့ ထွက်မလဲဆိုတာကိုလည်း ဘယ်သူမှ မသိရှိကြသေးပါဘူး။

နာမည် (ဒေါ်လာ ၂၅၀၀၀)

အပေါ်မှာ ပြောခဲ့တဲ့ နဖူးတစ်ခုပဲ ကြေငြာအတွက် ရောင်းချလို့ ရတာမဟုတ်ပါဘူး။ ကန်နက်တီးကတ် ပြည်နယ် က မိသားစု တစ်ခုက သူတို့ရဲ့ ကလေးနာမည်ကို ကြိုက်တဲ့နာမည်ပေးဖို့အတွက် လေလံတင် ရောင်းချခဲ့ပါတယ်။ အဲ့ဒီနာမည်ကို ဝယ်ယူခဲ့သူကလည်း အပေါ်မှာပြောခဲ့တဲ့ ဂိုးဒန်း ပဲလေ့စ် လောင်းကစား ကုမ္ပဏီကပဲ ဒေါ်လာ ၂၅၀၀၀ ပေးပြီး ဝယ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

ref- brightside

Credit-Shwenyanshin

  • Leave a Comment

Categories