သင့်အနေနဲ့ ယောင်လို့တောင် ရေသွားမကူးသင့်တဲ့ အန္တရာယ်အရှိဆုံး နေရာများ

အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ ကမ္ဘာပေါ်မှာ ရေဆင်းကူးဖို့အတွက် အန္တရာယ်ရှိတဲ့ မြစ်-ချောင်း-အင်း-အိုင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ခုပြောပြပေးသွားမယ့် ရေးမကူးသင့်တဲ့ ရေကန်တွေထဲမှာ ပရိသတ်တို့ကော ဘယ်တစ်ခုမှာ ရေကူးရဲသလဲဆိုတာကိုလည်း ပြောသွားပေးကြပါအုံး။ ခုအကြောင်းအရာကို Shwe Nyan Shin မှ ဘာသာပြန် ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်။

(၁)ဆူပွက်နေသောရေကန်လေး

ဒိုမေနီကာက ဒီရေကန်က ဆူပွက်နေတဲ့ ရေကန်လို့ အမည်ပေးထားတဲ့အတိုင်းပဲ ကန်ထဲမှာ ရှိတဲ့ ရေတွေဟာ လုံးဝကို သဘာဝအတိုင်းပွက်ပွက်ဆူနေကြတာပါ။ ဒိုမေနီကာနိုင်ငံက အမျိုးသားဥယျာဉ်တစ်ခုထဲမှာ တည်ရှိပြီး ရေအောက်မှာရှိနေတဲ့ ချော်ရည်တွေရဲ့ ရိုက်ခတ်မှုကြောင့် အခုလို အလွန်ပူနေရတယ်လို့ ပညာရှင်များက အဖြေထုတ်ခဲ့ကြပါတယ်။

အဆိုပါ မီးတောင်ရဲ့ အပူချိန်ဟာ ၈၂ ဒီဂရီစင်တီဂရိတ်ကနေ – ၉၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။ ရေကန်ရဲ့ အလည်ဗဟိုတည့်တည့်နေရာဟာ အလွန်ပူလောင်ပြီး ဘယ်သူမှ အလည်ဗဟိုနေရာကို သွားပြီး တိုင်းတာမှုတွေမပြုလုပ်ဖူးကြပါဘူး။

ဒါ့အပြင် အင်မတန်ပူနေတဲ့အတွက်ကြောင့်လည်း လေ့လာမှုတချို့ကို လုပ်လို့မရဘဲ ဒီအတိုင်းပဲထားထားခဲ့တာတွေလည်း ရှိပါတယ်။ အပြာရောင်နဲ့ – မီးခိုးရောင်သန်းနေတဲ့ ရေတွေဟာ ပွက်ပွက်ဆူနေပြီး ရုတ်တရက်ကြည့်ရင် ရေနွေအိုးတစ်လုံးတည်ထားသလို အငွေ့တစ်ထောင်းထောင်းနဲ့ ဖြစ်နေတဲ့ ရေကန်တစ်ခုပဲ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ အပူချိန်ကြောင့် ငါးတွေနဲ့ အခြားသတ္တဝါတွေလည်း မနေထိုင်နိုင်ကြတဲ့ အဲ့ဒီရေကန်မှာ လူတွေအနေနဲ့ သွားပြီး ရေကူးခဲ့ရင်တော့ လုံးဝကို အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ အမှန်ပါပဲ။

(၂)ဂျပ်ကော့ဝဲလ်

အမေရိကန်နိုင်ငံ – တက်ဆက်ပြည်နယ်မှာ ရှိတဲ့ ဒီရေကန် ရဲ့ ဘေးပတ်ဝန်းကျင်ကလည်း သဘာဝဆန်ပြီး ရေတွေကလည်း အမြဲကြည်လင်နေပါတယ်။ ဒါကြောင့်လည်း နှစ်စဉ်လိုလို ရေကန်ကြီးပေါ်မှာလာပြီး ရေကူးကြသူတွေ အများကြီးရှိပါတယ်။ သာမန်ရေကူးရုံပဲဆိုရင်တော့ ဒီရေကန်ကြီးဟာ ဘာမှအန္တရာယ်တော့မရှိပေမယ့် ရေနက်ပိုင်းကို ရေငုပ်ရင်တော့ အန္တရာယ်များလှပါတယ်။

ရေကန်ကြီးရဲ့ အနက်ရှိုှုင်းဆုံးအပိုင်းရောက်လာလေလေ – မှောင်မည်းလာလေလေ ဖြစ်ပြီး တွင်းတွေ – ဝင်္ကပါပုံစံလိုမျိုးနေရာတွေလည်း ရှိတာကြောင့် ရေငုပ်ပြီးရင် ပြန်မထွက်လာနိုင်သူတွေလည်း ရှိကြပါတယ်။တွင်းထဲကို ရေငုပ်ပြီးသွားသူတွေဟာ ရေကန်ကြီးရဲ့ အဆုံးသတ်နေရာတစ်ခုအထိ သွားဖို့ ရည်ရွယ်ခဲ့ကြပေမယ့် လမ်းခုလတ်မှာပဲ ပြန်လာခဲ့ရသူတွေချည်းပဲ ဖြစ်ပါတယ်။

ရေကန်ကြီးရဲ့ အတွင်းပိုင်းတစ်နေရာမှာ ဘာတွေရှိမလဲဆိုတာကို စူးစမ်းပြီး ရေနက်ပိုင်းအထိ သွားရောက်ခဲ့တဲ့လူတွေလည်း ရှိခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ သူတို့ထဲက တချို့လူတွေဟာ အပြင်ကို ပြန်မထွက်လာနိုင်တော့ပဲ ရေနစ်ကာ သေဆုံးသွားကြပါတယ်။

ရေကန်ရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားရောက်စူးစမ်းရှာဖွေခဲ့ပြီး ပြန်တက်လာနိုင်တဲ့လူတစ်ယောက်ရဲ့ ပြောပြချက်အရတော့ ရေကန်ရဲ့ အတွင်းပိုင်းနေရာမှာ လုံးဝအမှောင်အတိဖြစ်နေပြီး ဘယ်အရာက အပေါ်လဲ- ဘယ်အရာက အောက်လဲဆိုတာကိုပါ မသိနိုင်တော့ကြောင်း – ပါလာတဲ့ ပေတံတွေကိုလည်း မမြင်နိုင်တော့ကြောင်း – သူတို့ဟာ ရေအောက်ပိုင်းရောက်လေ အမှောင်ထုက ပိုမိုသိပ်သည်းလေဖြစ်တာကြောင့် အဆုံးအထိ သွားလို့မရတော့ဘဲ အပေါ်ကို ပြန်တက်လာခဲ့ရကြောင်းကို ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဂျပ်ကော့စ်ဝဲလ်ဆိုတဲ့ ရေကန်ကြီးဟာ ရေကူးဖို့နဲ့ ရေငုပ်ဖို့ အန္တရာယ်ရှိတဲ့ နေရာတစ်နေရာဖြစ်နေခဲ့ပါတယ်။

(၃) ရေဒီယိုသတ္တိကြွရေကန်

သဘာဝအလျောက်ရှိနေပြီး – လူသူတွေလည်း မလာကြတဲ့ အေးအေးဆေးဆေး ရှိမယ့် ရေကန်ငယ်လေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ အဆိုပါ ရေကန်ငယ်လေး ရဲ့ ပတ်ဝန်းကျင်မှာ နျုကလီယားဓါတ်ပေါင်းဖိုအဟောင်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုရေကန်လေးဟာ လူသူမရှိတာကြောင့် အမြဲတမ်းတိတ်ဆိတ်နေတဲ့ သဘာဝ- ရေကန်ငယ်လေးတစ်ခုပဲ ဖြစ်ပါတယ်။

အဆိုပါ ရေကန်လေးထဲကို ရေဆင်းကူးလို့ရပေမယ့် သင့်ဘဝမှာ တစ်နာရီလောက်ပဲ ကူးခွင့်ရှိတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ လိပ်ခ်ကာရာချေး (Lake Karachay)ဆိုတဲ့ ရေကန်လေးဟာ ရေထဲကို ဆင်းလိုက်တာနဲ့ သင်ဟာ ဓါတုအဆိပ်သင့်သူတစ်ယောက်ဖြစ်သွားပြီး အသက်ရှင်ချိန်ဟာလည်း ၁ နာရီသာသာလောက် ရရှိတော့မှာပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။

အဆိုပါ လိပ်ခ်ကာရာချေး ရေကန်ငယ်လေးတစ်ခုလုံးဟာ နျုကလီးယားဓါတ်ပေါင်းဖိုတွေကနေ စွန့်ပစ်လိုက်တဲ့ အမှိုက်မှန်သမျှကို လက်ခံရရှိထားတဲ့ ရေကန်ငယ်လေးဖြစ်ပြီး ဓါတ်ပေါင်းဖိုတွေက စီးဆင်းလာတဲ့ စွန့်ပစ်ဓါတုပစ္စည်းတွေဟာ အဆိုပါ ရေကန်ငယ်လေးကို စီးဆင်းလာခဲ့ပါတယ်။

တစ်ချိန်က ကြည်လင်သန့်ရှင်းခဲ့တဲ့ ရေကန်လေးဟာ အခုအချိန်မှာဆိုရင်တော့ ဓာတုအမှိုက်တွေနဲ့ ပြည့်နှက်နေပြီဖြစ်တာကြောင့် ကမ္ဘာ့ အန္တရာယ်အရှိဆုံးရေကန်ငယ်လေးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ စစ်အေးခေတ်ကာလ ကမ္ဘာ့နိုင်ငံအသီးသီးဟာ နျုကလီးယားလက်နက်တွေ၊ ဓါတ်ပေါင်းဖိုတွေကို အပြိုင်အဆိုင်ဆောက်တည်ခဲ့ရာမှာ ရုရှားနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ ရေကန်ဘေးပတ်ပတ်လည်မှာ တစ်ချိန်က နျုကလီးယားဓါတ်ပေါင်းဖိုတွေ – ဓါတုပစ္စည်းသိုလှောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ရေကန်ကို ဓါတုအမှိုက်တွေ စွန့်ပစ်ရာ နေရာတစ်နေရာအဖြစ် ပြောင်းလဲပြီးသွားချိန်မှာတော့ အဆိုပါ ရေကန်ဟာ လုံးဝကို ရေဒီယိုဓါတ်သတ္တိကြွတဲ့ နေရာလေးတစ်နေရာဖြစ်လာခဲ့ပါတော့တယ်။

ပျံ့နှံ့နေတဲ့ ရေဒီယိုဓါတ်တွေကြောင့် လူအပါအဝင် အခြားသတ္တဝါတွေပါ မနေရဲကြတဲ့ နေရာတစ်နေရာဖြစ်ခဲ့ရပါတယ်။ ၁၉၇၀ ဝန်းကျင်လောက်ကတည်းကစပြီး အာဏာပိုင်တွေဟာ အဆိုပါ ရေကန်ကို အင်္ဂတေတွေနဲ့ ဖို့ပြီး ပြန်လည်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ကွန်ကရစ်ဘလော့အတုံးအလွတ်ပေါင်း ၁ သောင်းနီးပါးလောက် ရေကန်ထဲကို ဖို့ခဲ့ရပြီး ၂၀၁၅ ခုနှစ် နိုဝင်လာလမှာတော့ တစ်ကန်လုံးကို ကွန်ကရက်ဖုံးခဲ့ပြီးသားဖြစ်ခဲ့ပါတယ်။

(၄) မွန်ဘိုင်းမြို့က မြစ်ကြီးများ

အိန္ဒိယနိုင်ငံဆိုတာ ကမ္ဘာပေါ်က လူဦးရေ အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မြို့တွေထဲမှာ မွန်ဘိုင်းမြို့က လူဦးရေအများဆုံးမြို့တစ်မြို့ဖြစ်ပြီး ၂၀၁၁ က ကောက်ခံထားတဲ့ စာရင်းအရတော့ လူဦးရေစုစုပေါင်း ၁၈.၄ မီလျံအထိရှိခဲ့ပါတယ်။

မွန်ဘိုင်းမြို့ရဲ့ လူဦးရေဟာ အလွန်များပြားပြီး အင်မတန် လူနေထူထပ်တဲ့မြို့တစ်မြို့ပါ။ မွန်ဘိုင်းဟာ စီးပွားရေးလုပ်ငန်းတွေထွန်းကားရာ နေရာတစ်နေရာလည်း ဖြစ်ပြီး မွန်ဘိုင်းမြို့ရဲ့ နေ့စဉ်ဘဝမှာ မပြေလည်တဲ့ မိသားစုတွေကိုလည်း မွန်ဘိုင်းမြို့ကမ်းနားတွေမှာ မြင်တွေ့ရလေ့ရှိကြပါတယ်။ အဆိုပါ လူတွေရဲ့ စုရပ်ကတော့ မွန်ဘိုင်းမြို့ကြီးကို ဖြတ်ပြီး စီးဆင်းနေတဲ့ မြစ်ကြီးတွေပါပဲ။

အဆိုပါ မြစ်တွေဟာ သူတို့အတွက်တော့ ရေချိုးစရာနေရာ၊ တိရစ္ဆာန်တွေကို ရေချဆေးကြောရာနေရာ၊ ကိုယ်လက်သန့်ရှင်းရေးအပါအဝင်အခြား အပေါ့အပါးသွားရာနေရာ အဖြစ် မျိုးစုံအသုံးပြုပါတယ်။ သူတို့အတွက်တော့ မြစ်ကြီးတွေဟာ အိမ်သာလည်းဖြစ် – ရေချိုးခန်းလည်းဖြစ် – ရေသန့်စင်တဲ့နေရာတစ်နေရာလည်း ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံကိုရောက်လို့ မွန်ဘိုင်းမြို့မှာ ရှိတဲ့ မြစ်ကြီးတွေထဲ ရေဆင်းကူးတော့မယ်ဆိုရင်တော့ အားမပေးပါရစေနဲ့နော်။

မွန်ဘိုင်းမြို့ရဲ့ မြစ်ကြီးတွေထဲမှာ သန့်စင်တဲ့နေရာတွေဆိုတာလည်း ရှိပေမယ့် အများစုကတော့ မသန့်စင်နိုင်ကြပါဘူး။ လူပေါင်းစုံက မြစ်ကို ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးချနေပြီး မြစ်ထဲမှာ ပါဝင်လာမယ့် ရောဂါပိုးတွေကလည်း သင်တို့ကို အသင့်စောင့်ကြိုနေမှာဖြစ်တဲ့အတွက် ရေဆင်းကူးမယ်ဆိုရင်တော့ အန္တရာယ်များလှပါတယ်။

(၅)အနီရောင်သွေးမြစ်

စပိန်နိုင်ငံမှာ သဘာဝအလျောက်အနီရောင်ဖြစ်နေတဲ့ မြစ်တစ်စင်းဟာ အခုအချိန်အထိရှိပါသေးတယ်။ ရီယိုတင်တို(Rio Tinto) လို့ခေါ်တဲ့ မြစ်ရဲ့ ရေအရောင်ဟာ အနီရောင်နဲ့ လိမ္မော်ရောင်တို့ ရောနှောထားပြီး ရုတ်တရက်ကြည့်ရင် သွေးတွေစီးဆင်းနေတယ်လို့ထင်နေရပါတယ်။ အဆိုပါ မြစ်ထဲမှာတော့ ရေသွားကူးဖို့တော့ မတွေးစေချင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ အဆိုပါ အနီရောင်အဆင်းရှိတဲ့ – ရီယိုတင်တိုမြစ်ဟာ အက်စစ်ဓါတ်လွန်ကဲနေတဲ့ မြစ်တစ်စင်းဖြစ်ပြီး လူတွေအတွက် အသက်အန္တရာယ်များတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။ သူ့ရဲ့ အက်စစ်ပါဝင်မှုနှုန်းကို ဓါတ်ခွဲစစ်ဆေးကြည့်ရာမှာတော့ pH 2 အဆင့်အထိရှိပါတယ်။

အဆိုပါ မြစ်ရှိရာဒေသဟာ ယခင်ကတော့ ရွှေ- ငွေရတနာနဲ့ သတ္ထုပစ္စည်းတွေကို အကြီးအကျယ်တူးဖော်ခဲ့တဲ့ မိုင်းတွင်းဒေသပါ။ အဆိုပါ မြစ်ဟာ သွေးစက်တွေလိုမျိုး နီရဲနေရတဲ့ အကြောင်းအရင်းကတော့ နဂိုပါလာတဲ့ အက်စစ်ဓါတ်တချို့နဲ့ မြေကြီးထဲက ကျန်ရှိနေသေးတဲ့ သံဓါတ်နဲ့ ကြေးနီဓါတ်တို့ ဓါတ်ပြုပြီး မြစ်ရဲ့ အရောင်ဟာ အနီရောင်ဖြစ်လာတယ်လို့ပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။

၂၀၀၁ ခုနှစ်မှာတော့ မိုင်းတူးဖော်ရေးလုပ်ငန်းတွေကို တရားဝင် အားလုံးရပ်နားခဲ့ပြီး မိုင်းတွင်းကိုလည်း ပိတ်ထားခဲ့ပါတော့တယ်။ အဆိုပါ မိုင်းတွင်းတွေဟာ တစ်ကြိမ်တစ်ခါကတော့ အရည်အသွေးမြင့်တဲ့ ရတနာပစ္စည်းတွေကို တူးဖော်ခဲ့ရာ နေရာတစ်နေရာဖြစ်ခဲ့တယ်လို့ သမိုင်းအထောက်အထားတွေအရ သိရပါတယ်။

တစ်ချိန်က ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးဘုရင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဆော်လမွန်ဘုရင်(King Solomon)ကြီးဟာ သူ့ရဲ့ ဘုရားရှိခိုးကျောင်းတွေမှာ အသုံးပြုမယ့် ရွှေနဲ့ ရတနာပစ္စည်းတွေကို ရီယိုတင်တိုမိုင်းတွင်းကနေပဲ မှာယူသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝိတိုရီယဘုရင်မကြီး (Queen Victoria India)အိန္ဒိယနိုင်ငံကို ရောက်ရှိစဉ်သုံးစွဲခဲ့တဲ့ ရထားလုံးမှာ တပ်ဆင်ဖို့ ရတနာတွေကို ဒီမိုင်းတွင်းထဲကပဲ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ-မိုင်းတွင်းဒေသ က မြေဆီလွှာတွေမှာ အက်စစ်ဓါတ်ပါဝင်နှုန်းများပြားတဲ့အတွက် ဆိုးကျိုးတစ်ခုလို့ထင်စရာရှိပေမယ့် နာဆာအဖွဲနဲ့ အာကာသလေ့လာရေးသမားတွေအတွက်တော့ မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ်မှာတော့ နာဆာအဖွဲ့ဟာ အဆိုပါ မိုင်းတွင်းဒေသဆီ လာရောက်ခဲ့ပြီး မားစ်ဂြိုလ်လေ့လာရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လာလုပ်ခဲ့ကြပါတယ်။ မားစ်ဂြိုလ်ဟာ မိုင်းတွင်းဒေသလိုမျိုး အနီရောင် မျက်နှာပြင် – အပြင်အဆင်ရှိတာကြောင့် အခုလို လာပြီး ပြင်ဆင်ခဲ့ရတာပါလို့ ပြောဆိုပါတယ်။

(၆) ငါးမန်းတွေရဲ့ ကျွန်း

အရှေ့အာဖရိကန်နိုင်ငံတွေမှာ ကမ္ဘာလှည့်ခရီးသွားများတဲ့ နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အဆိုပါ နိုင်ငံကတော့ မဒဂါစကား(Madagascar)ဆိုတဲ့ နိုင်ငံဖြစ်ပြီး မဒဂါစကားနိုင်ငံဟာ သဘာဝတောကောင်တွေ အများအပြားကျန်ရှိနေဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မဒဂါစကားနိုင်ငံရဲ့ အမှတ်အသားကတော့ လီမာ(Lemur)လို့ခေါ်တဲ့ မျောက်တစ်ကောင်နဲ့ ပုံစံတူတဲ့ အကောင်တစ်ကောင်ဖြစ်ပါတယ်။

မဒဂါစကားနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း အန်နီမေးရှင်းရုပ်ရှင်တွေလည်း ထွက်ရှိခဲ့တာကြောင့် မဒဂါစကားနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားလာခဲ့ကြပါတယ်။ မဒဂါစကားနိုင်ငံမှာ ပင်လယ်နဲ့ ထိစပ်နေတဲ့ကျွန်းတွေ အများအပြားရှိပြီး အဲဒီ ကျွန်းတွေထဲကမှ ရီယူနီယံလို့ ခေါ်တဲ့ ကျွန်းတစ်ကျွန်းလည်း ပါဝင်ပါတယ်။ အဆိုပါကျွန်းဟာ ငါးမန်းတို့ကျင်လည်ကျက်စားရာ မြို့တော်တစ်ခုလို့ နာမည်တပ်ရတဲ့အထိ ငါးမန်းတွေ ပျော်ပါးနေကျ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။

ကမ်းစပ်နားရောက်တဲ့ အထိ ပင်လယ်ထဲမှာ ငါးမန်းတွေကို တစ်စောင်စ နှစ်စောင်စ တွေ့ရမှာဖြစ်ပြီး ငါးမန်းများပြားတဲ့ ကျွန်းတစ်ကျွန်းလို့ သတ်မှတ်ထားပါတယ်။ ရေထဲကို ခဲတစ်လုံးလောက် ပစ်လိုက်ထည့်ရင်တောင် ရေထဲက ငါးမန်းခေါင်းကို တည့်တည့်မှန်တယ်လို့တောင် ညွှန်းဆိုခဲ့ကြပါတယ်။

အဆိုပါကျွန်းမှာ ရေကူးမယ်ဆိုရင်တော့ လုံးဝကို သတိထားသင့်ပါတယ်။ အချိန်မရွေး ငါးမန်းတွေဟာ သင် ရေကူးနေတဲ့ နေရာကို ရောက်ရှိပြီး သင့်ကို လာမိတ်ဆက်နိုင်ချေရှိပါတယ်။ အဆိုပါ ငါးမန်းတွေနဲ့ ပတ်သက်ပြီး၂၀၁၉ ခုနှစ်တုန်းက နာမည်ကြီးသွားခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်။

အဆိုပါ ရီယူနီယန်ကျွန်းကို အလည်အပတ်လာရောက်တဲ့ အသက် ၄၄ နှစ်အရွယ်ရှိ စတော့တလန်နိုင်ငံသားတစ်ယောက်ဟာ ရေကူးနေတုန်းမှာ ငါးမန်းအကိုက်ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်ဆိုတဲ့ သတင်းပါ။ ရဲတွေနဲ့ ကျွန်းလုံခြုံရေးတပ်ဖွဲ့ဟာ သူ့ရဲ့အလောင်းကိုနည်းမျိုးစုံနဲ့ ရှာဖွေခဲ့ကြပေမယ့်လုံးဝမတွေ့ရှိခဲ့ကြပါဘူး။

နောက်အချိန်တစ်ခုအကြာမှာတော့ ပညာရှင်တွေဟာ ရီယူနီယံကျွန်းက ငါးမန်းတွေကို လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာမှာတော့ ငါးမန်းတွေထဲ တစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာတော့ ပျောက်ဆုံးသွားတဲ့ကမ္ဘာလှည့်ခရီးသွားရဲ့ လက်တစ်ဖက်နဲ့ လက်ထပ်လက်စွပ်ကို ရှာတွေ့သွားခဲ့ပါတယ်။ ဒါကြောင့် ရီယူနီယံကျွန်းကို သွားပြီး ပင်လယ်ထဲ ရေကူးတော့မယ်ဆိုရင်တော့ သတိအကြီးကြီးထားပြီး ကူးတာက လုံးဝမမှားနိုင်ပါဘူး။

(၇)ချန်ပလိန် ရေကန်

ဒီရေကန်မှာက သွေးစုတ်တဲ့ မြွေလိုလို ငါးတွေရှိနေတာကြောင့် အန္တရာယ်များတဲ့ ရေကန်ပဲဖြစ်ပါတယ်။ ဒီအကောင်တွေက အခြားငါးတွေရဲ့ကို သူတို့ရဲ ချွန်ထက်နေတဲ့ သွားတွေနဲ့ စုပ်ထားပြီးတော့ သူတို့ရဲ့ သွေးနဲ့ အာဟာရဓာတ်တွေကို စားသောက်ကြပါတယ်။ ဒီအကောင်တွေက ရေအောက်ထဲက ဗန်ပါယာလို့ ဆိုရင်လည်း မမှားပါဘူး။ သူတို့တွေက လူတွေကိုလည်း တိုက်ခိုက်တတ်ပါတယ်။

ဒါပေမယ့် ပရိသတ်တို့ သတိထားရမှာက အဲ့လိုအကောင်တွေက အခြားရေတွေရှိရာနေရာတွေကိုလည်း ရောက်တတ်တာဖြစ်တာကြောင့် ကိုယ်မရောက်ဖူးတဲ့ ရေတွေထဲမှာ ဆင်းချိုးမယ်ဆိုရင် အရင်တုန်းက ခုလိုအကောင်တွေ တိုက်ခိုက်မှု ရှိဖူးမလား မရှိဖူးလားဆိုတာကို စုံစမ်းပြီးမှ ဆင်းချိုးသင့်ပါတယ်။

Credit-Shwenyanshin

  • Leave a Comment

Categories