မွေးမွေးချင်း တိရစ္ဆာန်လေးတွေက ဘယ်လိုပုံစံမျိုးတွေလဲ

သင်တို့ကော တိရစ္ဆာန်လေးတွေကို ချစ်ကြပါသလား။ တိရစ္ဆာန်တွေအကြောင်းကို နှစ်ပေါင်းများစွာ လေ့လာပေမယ့်လည်း သူတို့အကြောင်းက တကယ်တော့ လေ့လာလို့လည်း မကုန်ပါဘူး။ သူတို့က စိတ်ဝင်စားစရာကောင်းတာအပြင် ချစ်စရာလည်းကောင်းပြီး ရယ်စရာလည်းကောင်းပါတယ်။ သူတို့ရဲ့ ကလေးလေးတွေဆိုရင် ပိုပြီးတော့တောင် ချစ်စရာကောင်းနေပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ပိုပြီးချစ်စရာကောင်းတဲ့ တိရစ္ဆာန်ကလေးငယ်တွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်။

(၁)ရေမြင်း

ရေမြင်းတွေက အကောင်ကြီးပြီး တစ်ခါတစ်လေကျရင်လည်း စိတ်ရိုင်းဝင်တတ်တာမျိုးတွေရှိပါတယ်။ ကိုယ့်ဟာကိုယ်နေရင်တော့ သူတို့လည်း ရန်လာရှာလိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် ရေမြင်းတွေက မွေးမွေးချင်းမှာ သွားအကြီးကြီးနဲ့ ကြောက်စရာပုံစံတော့ ပေါက်မနေပါဘူး။ ရေမြင်းတွေရဲ့ ကိုယ်ဝန်ဆောင်ကာလက ၈ လ လောက်ကြာပြီး မွေးမွေးချင်းမှာပဲ သားပေါက်ကလေးက ရေထဲကို ဆင်းသွားပါတယ်။ အဲ့ဒီကလေးငယ်လေးတွေက မွေးမွေးချင်းမှာပဲ ရေမျက်နာပြင်ပေါ်ရောက်အောင် ကိုယ်တိုင်ကူးခတ်ပြီးတော့ အသက်ရှူဖို့ ကြိုးစားရပါတယ်။ အခြားတိရစ္ဆာန်တွေလို တစ်ခါမွေးရင် အကောင်ပေါက်မြောက်များစွာ မွေးဖွားတာမျိုးမဟုတ်ပဲ တစ်ကောင်ပဲ မွေးလေ့ရှိပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ အမွာတွေ မွေးတာမျိုးတွေတော့ ရှိပါတယ်။ ရေမြင်း မိခင်တွေက သူ့ကလေးတွေကို သေချာဂရုစိုက်ပြီးတော့ နာကျင်အောင်ပြုလုပ်တာမျိုးတွေ လုံးဝမရှိပါဘူး။ သူစိမ်းတွေကိုဆိုရင် သူတို့ကလေးတွေနားကနေ ထွက်သွားအောင် မောင်းထုတ်လေ့ရှိပါတယ်။ အထူးသဖြင့် ရေမြင်းအထီးတွေပေါ့။ ရေမြင်းကလေးတွေက တစ်နှစ်ကျော်တာနဲ့ ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်ကြပြီး ၅ နှစ်ရောက်တာနဲ့ သူတို့တွေက အရွယ်ရောက်တဲ့ ရေမြင်းတွေဖြစ်လာပါတော့တယ်။

(၂)ခရု

ခရုတွေကို လူတွေက တစ်ခါတစ်လေကျရင် အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးကြလေ့ရှိသလို တစ်ချို့တွေကျတော့လည်း ခရုတွေကို အစားအစာအဖြစ် စားသုံးကြလေ့ရှိပါတယ်။ တစ်ချို့ကျပြန်တော့လည်း ခရုတွေမြင်ရင်ကို အိမ်ထဲနေ မောင်းထုတ်ကြလေ့ရှိကြပါတယ်။ ဒါဆို ခရုကလေးငယ်လေးတွေဆိုရင်ကော ဘယ်လိုပုံစံမျိုးဖြစ်မလဲလို့ မတွေးမိကြဘူးလား။ မွေးမွေးချင်းခရုလေးတွေက ခရုကြီးတွေလို အခွံမာမာနဲ့ အကောင်တွေတော့မဟုတ်ပါဘူး။

ပထမဆုံးအနေနဲ့ ခရုမိခင်ကြီးက ဥပေါင်း ရာချီကို ဥလိုက်ပါတယ်။ နှစ်ပတ် သုံးပတ်ကြာတဲ့အခါမှာ အဲ့ဒီဥတွေကနေ ခရုသားပေါက်လေးတွေက ပေါက်ဖွားလာကြပါတယ်။ အဲ့ဒီသားပေါက်ကလေးတွေရဲ့ ခန္ဓာကိုယ်က အတိုင်းသားမြင်နေရပါတယ်။ သူတို့က အရမ်းသေးငယ်ကြပေမယ့် မွေးမွေးလာချင်းမှာပဲ ကိုယ့်အားကိုယ် ကိုးပြီးတော့ ရုန်းကန်အသက်ရှင်ကြရပါတယ်။

(၃)ပိုလာဝက်ဝံ

ပိုလာဝက်ဝံတွေက အရွယ်အစားအရလည်းကြီးသလို အန္တရာယ်လည်းများလှပါတယ်။ နောက်ပြီး သူတို့တွေက အရမ်းခက်ထန်ကြမ်းတမ်းလှတဲ့ ရာသီဥတုမျိုးမှာလည်း အသက်ရှင်နိုင်ကြပါတယ်။ ဒါကြောင့် သူတို့နားကို လူတွေမကပ်ရဲလောက်အောင်ကို ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် ပိုလာဝက်ဝံတွေက မွေးဖွားချင်းမှာ တော်တော်လေးကို ချစ်စရာကောင်းပါတယ်။ ပိုလာဝက်ဝံသားပေါက်ကလေးတွေက မွေးမွေးချင်းမှာ ဘာမှ မမြင်ရသလို ကိုယ်အလေးချိန်ကလည်း တစ်ကီလိုဂရမ်တောင် မပြည့်ပါဘူး။ ဒါကြောင့် လပေါင်းများစွာကြာအောင် ပိုလာဝက်ဝံ မိခင်ကြီးက သူ့ကလေးတွေနဲ့ လိုဏ်ဂူထဲမှာ တူတူနေပေးရပါတယ်။

လိုဏ်ဂူထဲကနေ သူတို့တွေထွက်လာတဲ့အချိန်ဆိုရင် ပိုလာဝက်ဝံသားပေါက်လေးတွေက သူတို့မွေးခါစ အလေးချိန်ထက် ၁၅ ဆလောက် ပိုများသွားပါပြီ။ အဲ့လို ပိုလာဝက်ဝံပေါက်စကလေးတွေကို တောထဲ တောင်ထဲမှာ တွေ့မြင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တိရစ္ဆာန်ရုံတွေမှာတော့ တွေ့မြင်နိုင်ပါတယ်။ ပိုလာဝက်ဝံလေးတွေကလည်း မသိရင်တော့ ခွေးပေါက်စလေးတွေနဲ့တောင် တော်တော်ဆင်တူနေပြီး အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။ ပရိသတ်တို့ကော ပိုလာဝက်ဝံတွေကို အိမ်မှာ မွေးရဲကြလား။

(၄)ပင့်ကူ

တိရစ္ဆာန်ကလေးတိုင်းက ချစ်စရာကောင်းတယ်ဆိုပေမယ့် ပင့်ကူတွေကတော့ ချွင်းချက်ဖြစ်ပါတယ်။ ပင့်ကူတွေ ဥထဲက ပေါက်ဖွားလာတာကို ကြည့်ရတာဟာဆိုရင် အသည်းယားစရာ တော်တော်ကောင်းလှပါတယ်။ ပင့်ကူတွေက ဥတစ်ဥထဲကနေ အကောင်ပေါင်း ထောင်ပေါင်းများစွာကို မွေးဖွားနိုင်ပါတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။

တကယ်တော့ ပင့်ကူသားပေါက်လေးတွေက ဥထဲမှာကတည်းက စတင် ဖွံ့ဖြိုးနေတာကြောင့် ဥထဲကပေါက်လာတဲ့အခါကျရင် အရွယ်ရောက်တဲ့ ပင့်ကူငယ်လေးတွေလို ပုံစံမျိုးဖြစ်နေပါတယ်။ ပင့်ကူတွေရဲ့ သက်တမ်းကတော့ အရမ်းမရှည်လှပါဘူး။ တော်တော်များများကတော့ တစ်နှစ်ကနေ ၂ နှစ်ကြားပဲ အသက်ရှင်ကြပါတယ်။

(၅)ကြံ့

ခုပြောပြမယ့် ကြံကလေးငယ်တွေကလည်း ရေမြင်းကလေးတွေလိုပဲ ချစ်စရာကောင်းပါတယ်။ ဒီကြံ့ကလေးငယ်လေးတွေကိုကြည့်ပြီးတော့ တစ်နေ့မှာတော့ သူတို့တွေက အရမ်းကြီးမား သန်စွမ်းပြီး အန္တရာယ်များတဲ့ တိရစ္ဆာန်တွေဖြစ်လာလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားကြပါဘူး။ ဒီကြံ့ကလေးငယ်လေးတွေက အရမ်းချစ်စရာကောင်းပြီး သင်တို့နဲ့တောင် တူတူ ဆော့ကစားလို့ရပါတယ်။

ကြံံ့ကလေးငယ်တွေက မွေးမွေးပြီးချင်း သုံး လေးရက်လောက်ကို လမ်းလျှောက်တတ်အောင် အရင်သင်ယူကြပါတယ်။ လမ်းလျှောက်တတ်သွားပြီဆိုရင် မိခင်ကြီးရဲ့ စောင့်ရှောင်မှုအောက်မှာ ၂ နှစ် ၃ နှစ်လောက် တူတူသွားလာရပါတယ်။ အဲ့ဒီနောက်မှာတော့ ကြံ့ငယ်ကလေးက ကိုယ့်ဟာကိုယ် ရပ်တည်လာပြီးတော့ တဖြည်းဖြည်းနဲ့ ကြီးမာသန်မာတဲ့ ကြံ့တစ်ကောင်ဖြစ်လာပါတော့တယ်။

(၆)မြွေ

ခုပြောပြမယ် မြွေကတော့ အပေါ်ကပြောခဲ့တဲ့ တိရစ္ဆာန်တွေနဲ့ မတူပဲ သူတို့ကို ချစ်စရာကောင်းတယ်လို့ ပြောဖို့က နည်းနည်းခက်နေပါတယ်။ သဘာဝတရားကြီးကိုပဲ အပြစ်ပြောရမလား မသိဘူးနော်။ သဘာဝတရားကြီးကလည်း မြွေတွေကို ခွေးတွေ ကြောင်လေးတွေလို ချစ်စရာကောင်းအောင် မဖန်တီးပေးခဲ့ပါဘူး။ ဒါပေမယ့်လည်း မြွေတွေကိုချစ်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြတဲ့ လူတွေလည်းရှိပါတယ်။ ထားပါတော့… မြွေပေါက်ကလေးတွေအကြောင်းကို ပြောကြရအောင်။ မြွေတွေက ဥတွေကနေ ပေါက်ဖွားတဲ့ သတ္တဝါမျိုးတွေပဲဖြစ်ပြီး အရမ်းအဆိပ်ပြင်းလှတဲ့ Black Mamba မြွေတွေလည်း ထိုနည်းတူပါပဲ။

မြွေမိခင်ကြီးက ဥတစ်ခါဥရင် ၅ ဥကနေ ၁၇ ဥလောက် ဥတတ်ပါတယ်။ နောက် ရက်ပေါင်း ၈၀ ကနေ ၉၀ အတွင်းမှာတော့ မြွေသားပေါက်လေးတွေက ဥတွေထဲကနေ ပေါက်လာပါတော့တယ်။ မွေးမွေးချင်းမှာ သူတို့က အရမ်းသေးငယ်ပြီး အရှည်က ၄၀ ကနေ ၅၀ စင်တီမီတာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ငယ်သေးပေမယ့် သူတို့ကို လျော့တွက်လို့ မရပါဘူး။ ဘလတ် မန်ဘာလို မြွေမျိုးဆိုရင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်ပြီး အသက်အ

(၇)သားပိုက်ကောင်

သားပိုက်ကောင်အမတွေမှာ သူတို့သားပေါက်လေးတွေကို သိမ်းထားဖို့ အထူးပြုလုပ်ထားတဲ့ အိတ်လေးတွေရှိတယ်ဆိုတာ အကုန်သိထားပြီး ဖြစ်ကြမှာပါ။ ဒါပေမယ့် သားပိုက်ကောင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလက အရမ်းတိုတယ်ဆိုတာကို လူတိုင်းက သိကြမှာ မဟုတ်ပါဘူး။ သန္ဓေတည်ပြီးတာနဲ့ တစ်လအကြာမှာပဲ သားပိုက်ကောင်ကလေးကို မွေးဖွားပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ မွေးဖွားလာတဲ့ သားပိုက်ကောင်ကလေးက စင်တီမီတာ အနည်းငယ်လောက်ပဲ ရှည်ပြီး အပြင်လောကနဲ့ ထိတွေ့ဖို့ကလည်း အဆင့်သင့်မဖြစ်သေးပါဘူး။ အဲ့ချိန်မှာ သားပိုက်ကောင် အသေးစားလေးက မိခင်ရဲ့ ဝမ်းဗိုက်က အိတ်ထဲရောက်အောင် သူ့ကိုယ်သူ သွားရပါတယ်။ နောက်ပြီး အဲ့ဒီကလေးတွေဆီမှာ နောက်ခြေထောက်မပါသေးတာကြောင့် ရှေ့ခြေထောက်ကိုသာ အသုံးပြုပြီး မိခင်ရဲ့ အိတ်ထဲကို မရောက်ရောက်အောင် သွားရပါတယ်။ သူ့မိခင်ကလည်း သွားလာလို့ရအောင် လမ်းကြောင်းကို လျှာနဲ့ လျက်ပြီးတော့ လမ်းဖော်ပေးရုံမှတစ်ပါး အခြားဘာမှ မကူညီပေးပါဘူး။

သားပေါက်ကလေးက သူ့ဟာသူ ရောက်အောင် ကြိုးစားသွားရပါတယ်။ မိခင်ကြီးရဲ့ အိတ်ထဲမှာ နို့သီး လေးခုရှိပြီး အရမ်းထူးဆန်းတာက အဲ့ဒီနို့သီးတစ်ခုချင်းစီက မတူညီတဲ့ နို့အမျိုးအစားကို ထုတ်ပေးပါတယ်။ ဒါကြောင့် နို့ရည်အမျိုးအစားတွေက သားပေါက် အသက်အရွယ်ပေါ်မူတည်ပြီးတော့ ကွဲပြားခြားနားပါတယ်။ တစ်ခါတစ်လေမှာ မိခင်ကြီးက အသက်အရွယ်မတူတဲ့ သားပေါက်နှစ်ကောင်ကို တစ်ခါတည်း မွေးမြူတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် အသက်မတူတဲ့ သားပေါက်နှစ်ကောင်အတွက် မတူညီတဲ့ နို့ရည်ကို သားပိုက်ကောင်မိခင်ကြီးက ထုတ်ပေးပါတယ်။ ဒါနဲ့ ရက်ပေါင်း ၁၉၀ လောက်အကြာမှာတော့ သားပေါက်လေးတွေက သန်မာလာပြီးတော့ အိတ်ထဲကနေ အပြင်လောကကို ထွက်ဖို့ ပြင်ဆင်လာပါတော့တယ်။ ချက်ချင်းကြီးထွက်လာတာမျိုး မဟုတ်ပဲ။ ပထမတော့ ခေါင်းလေးပဲ ပြူပြီး ဟိုကြည့်ဒီကြည့်နဲ့ ရက်သတ္တပတ်ပေါင်းများစွာ အပြင်လောကကို လေ့လာနေပါတယ်။ ဒါနဲ့ ရက်ပေါင်း ၂၃၅ ရက်အကြာမှာတော့ သားပိုက်ကောင်ကလေးက နောက်ဆုံအနေနဲ့ သူ့အမေရဲ့ အိတ်ထဲကနေ ထွက်ခွာခဲ့ပါတယ်။

(၈)အာမာဒီလို

သင်းခွေချပ်လို ကြေးခွံအမာကြီးတွေ ဖုံးကွယ်နေပြီး လုံးလုံးနဲ့ ခွေနေတတ်တဲ့ အာမာဒီလိုအကောင်တွေက နို့တိုက်သတ္တဝါတွေပဲဖြစ်ပါတယ်။ အာမာဒီလို အကောင်ပေါက်လေးတွေက သားလောင်းလေးတွေအနေနဲ့ ရက်ပေါင်း ၆၀ ကနေ ၁၂၀ ကြားရှိနေပါတယ်။ ပထမတော့ သားပေါက်လေးတွေက နူးညံ့ပျော့ပျောင်းတဲ့ အခွံတွေပဲ မွေးဖွားလာကြပြီး အချိန်ကြလာတာနဲ့အမျှ သူတို့ရဲ့ အခွံတွေက တဖြည်းဖြည်းနဲ့ မာလာပြီးတော့ ကျည်ကာလို ပုံစံမျိုးဖြစ်လာခဲ့ပါတော့တယ်။

အာမာဒီလိုအကောင်ပေါက်လေးတွေက မွေးပြီးပြီချင်း ၂ နာရီအတွင်းလောက်မှာ လမ်းလျှောက်တတ်ပါတယ်။ သူတို့က လမ်းလျှောက်တတ်ပေမယ့်လည်း သူတို့မိခင်နဲ့ လပေါင်းများစွာ တူူတူနေလေ့ရှိကြပါတယ်။ နောက်မှသာ သူတို့ခြေထောက်ပေါ် သူတို့ စရပ်တည်ကြတာပဲဖြစ်ပါတယ်။

(၉)လင်းနို့

လင်းနို့ဆိုရင် လူတိုင်းက မကြိုက်ကြပါဘူး။ အထူးသဖြင့် ဇာတ်ကားတွေထဲမှာ လင်းနို့တွေက သွေးစုတ်ဖုတ်ကောင်တွေနဲ့ အတူတူ ဒွန်တွဲပြီး သရုပ်ဖော်လေ့ရှိတာကြောင့် လင်းနို့ဆိုရင် အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမယ့်သူဆိုတာ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် သူတို့က မွေးလာတဲ့ ကလေးတွေကတော့ ချစ်စရာကောင်းပါတယ်။ လင်းနို့တွေက များသောအားဖြင့် ကလေးမွေးရင် တစ်ကောင်သာ မွေးကြပါတယ်။ တစ်ကောင်တည်းမွေးနိုင်ရတာကလည်း အကြောင်းရင်းရှိပါတယ်။

လင်းနို့သားပေါက်တစ်ကောင်ဟာဆိုရင် လင်းနို့မိခင်ကြီးရဲ့ ကိုယ်ခန္ဓာအလေးချိန် ရဲ့ ထက်ဝက်လောက်ရှိနေတာကြောင့် တစ်ခါမွေးရင် တစ်ကောင်ထပ် ပိုမွေးဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သားပေါက်လေးတွေက မွေးကတည်းက အတောင်တွေပါလာပေမယ့် ၁၈ ရက်ကြာမှသာ ပျံသန်းနိုင်တာပဲဖြစ်ပါတယ်။ လင်းနို့ကလေးတွေ တော်တော်များများက သူတို့မိခင်တွေလက်အောက်မှာ ရက် ၈၀ လောက်နေပြီးရင် ခွဲထွက်ပြီး ကိုယ်တိုင်ရပ်တည်ကြပါတယ်။

(၁၀)ရေပုဝဲ

ခုမြင်နေရတဲ့ သစ်သီးတစ်သီးရဲ့ အစေ့လို ပုံစံလေးတွေက တကယ်တော့ မွေးခါစ ရေပုဝဲလေးတွေပဲဖြစ်ပါတယ်။ ရေပုဝဲတွေက များသောအားဖြင့်တော့ ညချိန်မှာ ဥတွေကို ဥလေ့ရှိပြီး အဲ့ဒီဥတွေကို ကျောက်တုံးတွေပေါ်မှာ ကပ်ထားလေ့ရှိပါတယ်။ နောက်ပြီး အဲ့ဒီဥတွေကိုလည်း အခြားငါးတွေ လာမစားအောင်လို့ ဝှက်ထားရပါသေးတယ်။ အဲ့လိုမှမဟုတ်ရင် ရေပုဝဲမကြီးက ဥတွေကို သူနဲ့ ထပ်ကြပ်မခွာ သယ်သွားရပါတယ်။ သားလောင်းတွေကို ရေပုဝဲမကြီးက ၆ လကနေ ၈ လလောက် ကာကွယ်ထားရပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ရေပုဝဲမိခင်တွေက ဘယ်နေရာမှ အစာရှာမထွက်သလို ဘာအစားအစာမှလည်း မစားပါဘူး။

လေ့လာတွေ့ရှိမှုတွေအရတော့ ရေပုဝဲတွေက ကိုယ်ဝန်မဆောင်ခင်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးတွေကို ထားသွားပြီး အစာရှာထွက်ချင်တယ်ဆိုရင်တောင် ရေပုဝဲမကြီးတွေက သွားလာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရေပုဝဲကလေးတွေကို မွေးဖွားပြီးတဲ့အချိန်မှာတော့ ရေပုဝဲမကြီးက သေသွားပါတော့တယ်။ ရေပုဝဲကလေးတွေကတော့ သူတို့ကိုယ်သူတို့ အသက်ဆက်လက်ရှင်သန်နိုင်ကြပါတယ်။

(၁၁)ဆင်

ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ကတော့ ၂၂ လလောက်ကြာပြီး လူတွေထက်ကို ပိုအချိန်ကြာပါတယ်။ ဒါကြောင့် ဆင်တစ်ကောင်မွေးဖွားနှုန်းက ၃၊ ၄ နှစ်ကြာမှ တစ်ကောင်မွေးနိုင်တာပဲဖြစ်ပါတယ်။ ဆင်ကလေးကတော့ မွေးမွေးပြီးချင်း တစ်နာရီလောက်မှာပဲ လမ်းလျှောက်တတ်ပြီး ခဏအကြာမှာတော့ မိဘအကူအညီမပါပဲ ဆင်ပေါက်ကလေးက ကောင်းကောင်းလမ်းလျှောက်သွားနိုင်ပါပြီ။

ဒီလို မြန်မြန်လမ်းလျှောက်တတ်တာကလည်း ကိုယ်ဝန်ဆောင်ချိန်ကြာမြင့်မှုကြောင့်ပဲဖြစ်ပါတယ်။ သူတို့လည်း မိခင်နို့ကို အကြာကြီးစို့လာခဲ့ပြီးမှ နောက်တော့ တဖြည်းဖြည်းနဲ့ အသီးအရွက်တွေဘက်ကို ကူးပြောင်းလာတာပဲဖြစ်ပါတယ်။

Credit-Shwenyanshin

  • Leave a Comment

Categories