လေယာဉ်မယ်တွေနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ လျှို့ဝှက်ချက်များ

အခုခေတ်မှာ လူအများစုက လေယာဉ်စီးဖူးနေကြပါပြီ။ တချို့ကလေယာဉ်စီးတဲ့အခါ ထွေထွေထူးထူး အဆင်မပြေတာမျိုးမရှိပေမယ့် တချို့ကျတော့ လေယာဉ်စီးတိုင်းအဆင်မပြေတာ တစ်ခုမဟုတ် တစ်ခုကြုံရလေ့ရှိပါတယ်။ အထူးသဖြင့် လေယာဉ်စီးတဲ့အခါ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ အရေးပေါ် အခြေအနေတွေကအစ အဆင်ပြေနေဖို့လိုပါတယ်။ အဲဒီလိုလေယာဉ်ပေါ်မှာ ခရီးသည်တွေ အစစ အရာရာအဆင်ပြေစေဖို့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတာကိုတော့ လေယာဉ်မယ်တွေက အဓိက တာဝန်ယူပါတယ်။ ဒီတစ်ခါမှာတော့ လေယာဉ်မယ်တွေနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့လျှို့ဝှက်ချက်အချို့ကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

လေယာဉ်မယ်တွေက စားစရာနဲ့ သောက်စရာတွေပဲ ဝန်ဆောင်မှုပေးနေရတာမျိုး မဟုတ်ပါဘူး

လူတော်တော်များများ နားလည်မှုလွှဲနေတဲ့ အရာကတော့ လေယာဉ်မယ်တွေကို လေယာဉ်ပေါ်က ဝိတ်တာတွေလို့ အထင်ခံနေရတာပဲ ဖြစ်ပါတယ်။ အဲ့လိုထင်ခံရတာကလည်း ထူးဆန်းမနေပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ ခရီးသည်တွေအတွက် အများဆုံး ဝန်ဆောင်မှုပေးရတာက အစားအစာနဲ့ သောက်စရာတွေ ချတာပေးနေရတာပဲဖြစ်ပါတယ်။ တကယ်တော့ သူတို့ရဲ့ အလုပ်က ခရီးသည်တွေကို ခရီးလမ်းတစ်လျှောက် အသက်အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ခါလေယာဉ်ပေါ်ရောက်ရင် လေယာဉ်မယ်တွေကို အစားအစာလာချပေးတဲ့ ဝိတ်တာတွေလို ဆက်ဆံမယ့်အစား သင်တို့အသက်အန္တရာယ်ကင်းအောင် စောင့်ရှောင့်ပေးမယ့် သူတွေအဖြစ် မှတ်ယူထားဖို့ လိုအပ်ပါတယ်နော်။

လေယာဉ်မယ်တွေဟာ အရေးပေါ်အခြေအနေမှာအသက်ရှင်ဖို့အခွင့်အလမ်းများကြတယ်

လေယာဉ်ပေါ်မှာ ပါတဲ့လေယာဉ်မှူးကနေ လေယာဉ်မယ်နဲ့ဝန်ထမ်းတွေအားလုံးဟာ အရေးပေါ်အသက်ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးစနစ်တကျလေ့ကျင့်သင်ကြားထားတဲ့သူတွေဖြစ်လို့ မတော်တဆအရေးပေါ်အခြေအနေကြုံခဲ့ရင်တောင် သူတို့တွေမှာ အသက်ရှင်ဖို့အခွင့်အလမ်းများပါတယ်။ ဒါကြောင့် လေယာဉ်ပေါ်မှာ လေယာဉ်မယ်တွေက ဘယ်လိုနေပါ၊ ဘယ်လိုမနေပါနဲ့ဆိုပြီး ညွှန်ကြားတာတွေကိုသင့်အနေနဲ့လိုက်နာဖို့လိုပါတယ်။

ဒါ့အပြင် အသက်အန္တရာယ်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြုံလာရင်လည်း လေယာဉ်မယ်တွေနားမှာ အနီးဆုံးနေပြီး သူတို့ရဲ့အကူအညီကိုရယူနိုင်တာဟာ လိမ္မာပါးနပ်တဲ့ နည်းပဲဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်မယ်တွေဟာ ကျွန်တော်တို့ထင်ထားတာထက် အများကြီးပိုသိပါတယ်။ သူတို့က ကျွန်တော်တို့ထင်ထားသလို ခရီးသည်တွေအတွက် စားစရာနဲ့ အချိုရည်ပဲ ဝန်ဆောင်မှုပေးနေတာမဟုတ်တဲ့အတွက် သူတို့ကို လျော့တွက်လို့မရပါဘူး။

လေယာဉ်မယ်တွေဟာ သူတို့ရဲ့ကိုယ်အလေးချိန်ကိုထိန်းထားရပါတယ်

အဓိကကတော့ ဝိတ်ကျတာထက် ဝိတ်မတက်အောင် ထိန်းရပြီး ယူနီဖောင်း size ပြောင်းလဲခြင်းမရှိအောင်ထိန်းသိမ်းရပါတယ်။ တကယ်လို့ဝိတ်တက်လာခဲ့ရင်လည်း အနည်းဆုံးအချိန်တစ်လပေးပြီး ဝိတ်ပြန်ချရပါတယ်။ ဒါ့အပြင် ဝိတ်ချတဲ့အစီအစဉ်တွေအတိုင်းလိုက်နာကျင့်သုံးရတယ်လို့လည်းသိရပါတယ်။ တစ်နှစ်တစ်ခါ BMI လို့ခေါ်တဲ့ သူတို့ရဲ့ ဝိတ်အချိုးအစားကို ချိန်လေ့ရှိပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းရှိမရှိ စစ်ဆေးလေ့ရှိပါတယ်။

အရေးပေါ်အခြေအနေမှာလေယာဉ်မယ်တွေက ကလေးတွေမွေးပေးနိုင်တယ်

မတော်တဆအရေးပေါ်အခြေအနေဖြစ်ပြီဆိုရင် လေယာဉ်မယ်တွေဟာကလေးမွေးပေနိုင်ပါတယ်။ လေယာဉ်မယ်တွေကို လေ့ကျင့်သင်ကြားပေးတဲ့ training တွေထဲက တစ်စိတ်တစ်ပိုင်းဟာ ကလေး ဘယ်လို မွေးဖွားပေးရတာတွေလည်းပါဝင်ပါတယ်။ ဒါကြောင့် အရေးနဲ့အကြောင်းဆိုရင် မစိုးရိမ်ဘဲ သူတို့ရဲ့ညွှန်ကြားမှုအတိုင်းလိုက်နာဖို့လိုပါတယ်။ ကလေးမွေးဖွားတဲ့ training သင်ကြာပေးမပေးဆိုတာကတော့ လေကြောင်းလှိုင်းတစ်ခုနဲ့ တစ်ခုမတူပဲ ကွဲပြားခြားနားနိုင်ပါတယ်။

လေယာဉ်မယ်တွေဟာ သိုင်းလည်းတတ်ပါတယ်

လေယာဉ်မယ်တွေဟာကလေးမွေးပေးတတ်တယ်ဆိုတာ သင့်ကို သိပ်မအံ့သြစေပေမယ့် သူတို့ သိုင်းတတ်တယ်ဆိုတာကတော့ သင့်ကို သေချာပေါက် အံ့သြစေပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ လေယာဉ်ပေါ်မှာ ထိန်းသိမ်းရခက်ခဲပြီး ရိုင်းစိုင်းတဲ့ ခရီးသည်တွေရှိတဲ့သလို လေယာဉ်ပြန်ပေးဆွဲ တာတွေလည်း အဖြစ်များတာကြောင့် ခုလို လေယာဉ်မယ်တွေရဲ့ လေ့ကျင့်ရေး training ထဲမှာ ခုလိုအရေးပေါ် ကွန်ဖူးသိုင်း တွေလည်း ထည့်သင်ကြားပေးထားတာဖြစ်ပါတယ်။

လေယာဉ်ပြန်ပေးဆွဲခံနေရချိန်မှာ လေယာဉ်မယ်တွေက ဇာတ်ကားထဲကလို လုပ်သွားမှာမဟုတ်ပေမယ့် ကျွန်တော်တို့ခရီးသည်တွေအနေနဲ့ သူတို့ အရေးပေါ်အတွက် သိုင်းတတ်ထားတာကို သိထားရတာက အရမ်းစိတ်သက်သာရစေပါတယ်။

လေယာဉ်မယ်တွေဟာ ဖက်ရှင်၊ အလှအပရေးရာစည်းမျဉ်းတွေကိုလိုက်နာရတယ်

နိုင်ငံတကာလေကြောင်းလိုင်းအများစုမှာတော့ လေယာဉ်မယ်တွေဟာစကတ်ဝတ်ကြတာများပါတယ်။ ပျမ်းမျှအားဖြင့် လေယာဉ်မယ်တွေရဲ့စကတ်ဟာ ဒူးအထက်မတိုရဘဲ သုံးလက်မထက်မမြင့်တဲ့ဒေါက်ဖိနပ်ကိုသာစီးရပါတယ်။ နှုတ်ခမ်းနီဟာ များသောအားဖြင့်အနီရောင်သာဆိုးရပြီး ခြေသည်းလက်သည်းတွေဟာ အနီရောင်၊ ပန်းရောင် ဒါမှမဟုတ် ဘာမှမဆိုးဘဲ ပြောင်ပြောင်လေးဖြစ်နေအောင်ထိန်းသိမ်းရပါတယ်။

ဘာအတွက်ရယ်သေချာမသိရပေမယ့် အချို့လေကြောင်းလိုင်းတွေဟာ လေယာဉ်မထွက်ခင် လေယာဉ်မယ်တွေရဲ့ ဘရာစီယာအရောင်ကိုစစ်ဆေးလေ့ရှိတယ်လို့လည်းသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်မယ်တွေဟာ မျက်နှာမှာမိတ်ကပ်ပြင်ဆင်ခြယ်သပြီး နှစ်လိုဖွယ်အပြုံးနဲ့အမြဲတမ်း စမတ်ကျနေစေဖို့သာကြိုးစားရပါတယ်။

လေယာဉ်ပေါ်မှာဖြစ်ပျက်သမျှအရာတိုင်းကိုလေယာဉ်မယ်တွေမြင်တွေ့ရတယ်

လေယာဉ်မယ်တွေဟာလေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ခရီးသည်အားလုံးရဲ့အသက်အန္တရာယ်လုံခြုံရေးသာမက အစစအရာရာအဆင်ပြေချောမွေ့နေစေဖို့ တာဝန်ယူရတဲ့သူတွေဖြစ်တဲ့အတွက် ဘယ်နေရာမှာဘယ်ခရီးသည်က ဘာလိုအပ်နေတယ်ဆိုတာမျိုး၊ ဘယ်သူကဘာလုပ်နေတယ်ဆိုတာမျိုးကို နာရီ၊ စက္ကန့်မလပ်မျက်စိဖွင့်နားစွင့်ပြီး အမြဲသတိအနေအထားနဲ့ ရှိနေရတယ်လို့သိရပါတယ်။

လေယာဉ်မယ်တစ်ယောက်ဖြစ်ဖို့ အရမ်းခက်ခဲပါတယ်

နာမည်ကြီးလေကြောင်းလိုင်းတွေမှာ လေယာဉ်မယ်ဖြစ်ဖို့ဆိုတာ ထင်တာထပ် ခက်ခဲပါတယ်။ လေယာဉ်မယ် position လျှောက်တဲ့အခါ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် အင်တာဗျူးခေါ်ခံရဖို့ဆိုတာ အရမ်းကို ခက်ခဲ့လှပါတယ်။ လေယာဉ်မယ် အလုပ် position ၁၀၀၀ အတွက် လျှောက်ထားသူ တစ်သိန်းနီးပါးရှိပြီး အဲ့ဒီ တစ်သိန်းထဲမှာမှ အလုပ်ရသွားတဲ့သူက တစ်ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။

တကယ်တော့ လေယာဉ်မယ်တစ်ယောက်ဖြစ်ဖို့ အခက်ခဲဆုံးအရာက လေကြောင်းလှိုင်းတွေက သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေကို အောင်မြင်ကျော်ဖြတ်နိုင်ဖို့ပဲဖြစ်ပါတယ်။

Credit-ShweNyanShin

  • Leave a Comment

Categories